(006SV)
မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးစွဲကိုင်ပြီး အစောဆုံးဆန့်ကျင့်တော်လှန်တဲ့ ချင်းအင်အားစု တွေဟာ အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် ခုခံတော်လှန်ရေး ၃ နှစ်ရှိလာချိန်မှာ ကြီးမားတဲ့ အရွေ့တစ်ခုကို ဖော်ဆောင်လာကြပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်မှာ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်ထိ ကျင်းပနိုင် ခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းနိုင်ခဲ့သလို ချင်းပြည်ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တာပါ။
ချင်းအင်အားစုတွေ ကိုယ်ပိုင်ရေးဆွဲပြဌာန်းနိုင်ခဲ့တဲ့ ဒီအရွေ့မှာ ချင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ အစိုးရယန္တရားတွေကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမှာဖြစ်လို့ ၂၀၂၄ ဖေဖော်ဝါရီလ ၄ ရက်မတိုင်မီ ချင်းပြည်အစိုးရ ယန္တရားလည်ပတ်မှုတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
“လွှတ်တော်ဆိုရင် ဥပဒေပြုရေးရာ အားလုံးကို ကိုင်တွယ်မယ်။ အုပ်ချုပ်ရေးကိုတော့ အုပ်ချုပ်ရေးအစိုးရက ကိုင်တွယ်မယ်။ တရား စီရင်ရေးကြတော့လည်း သူ့ဟာသူ လွတ်လွတ်လပ်လပ် သီးသီးသန့်သန့် အရပ်ဖက် တရားစီရင်ရေးကို ကျနော်တို့က ဖော်ဆောင်မှာ ဖြစ်တယ်။ အဓိက ပြောချင်တာက နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်း ဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင် တဲ့ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်” ချင်းလဲန်းကောင်စီ၊ တွဲဖက်အတွင်းရေးမှူး ၁ ဆလိုင်းထက်နီက ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ မြို့ ၇ မြို့အပါအဝင် နယ်မြေရဲ့ ၇၅ ရာခိုင်နှုန်းကို ချင်းအင်အားစု တွေက ထိန်းချုပ်ထားနိုင်ချိန်၊ ဒီကနေ့မှာ ကိုယ်ပိုင်ပြဌာန်းမှုနဲ့အတူ အစိုးရတစ်ရပ်ကို စတင်ဖော်ဆောင်လာခြင်းဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးနဲ့ စတင်ခဲ့တဲ့ ချင်းပြည်နယ်မှာ ဒီလိုကြီးမာတဲ့ အောင်မြင်မှု အရွေ့တွေ ဖြစ်လာနေပေမယ့်လည်း တစ်ဖက်မှာ မတူညီတဲ့ ကန့်ကွက်မှုတွေ၊ သဘောထားမတူညီမှုတွေ ထွက်ပေါ်လာပါတယ်။
ပထမအကြိမ် ချင်းလဲန်းကောင်စီညီလာခံကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ချင်းလဲန်းကောင်စီ ဖွဲ့စည်းအတည်ပြုနိုင်မှုကို လွှတ် တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF/CNA အစုအဖွဲ့ နဲ့ မြို့နယ်နဲ့ ဒေသအခြေပြုမှ (၁၄) ဖွဲ့ တက်ရောက်ခဲ့ပါတယ်။
တဖက်မှာ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နဲ့ ဇိုမီး ဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့က ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်တာ၊ တန်းတူညီမျှရေး မရှိတာနဲ့ ချင်းအမျိုးသား တရပ်လုံးရဲ့ စည်းလုံးညီညွှတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုကာ ကန့်ကွက်ခဲ့ကြပါတယ်။
ကန်ပက်လက်မြို့နယ်ကောင်စီ/ CDF – ကန်ပက်လက်ကတော့ “အစုအဖွဲ့ စုံလင်စွာ ပါဝင်တဲ့ ဆွေးနွေးဆုံးဖြတ် မှုကို လိုလားတယ်” ဆိုပြီး မတက်ရောက်ခဲ့ပေမယ့် ကန်ပက်လက်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တက်ရောက်ခဲ့ကြပါတယ်။
စစ်အင်ဏာရှင်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ လက်နက်ကိုင်တော်လှန်လာတဲ့ EAO ဖြစ်တဲ့ CNF နဲ့ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း ပေါ်လာတဲ့ ချင်းလက်နက်ကိုင်အင်အားစုအဖွဲ့တချို့တွေကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခြင်းပါ။
(မတက်ရောက်ခဲ့တဲ့ ချင်းအင်အားစုတွေရဲ့ သဘောထားကွဲလွဲမှုတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်ပါ-)
– မဲစနစ်
ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေထက် ချင်းအမျိုးသားတပ်ဦး CNF/CNA ရဲ့ အိုင်ဒီယာလော်ဂျီပိုင်းကို ပိုသဘောမကျ ဘူးလို့ ပြောကြပါတယ်။
CNF /CNA ဟာ ချင်းပြည်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းနဲ့ ဦးဆောင်အဖွဲ့အဖြစ် တက်လာပြီး နေရာအများစုကို လက်ဝါးကြီးအုပ်ယူထားတယ်လို့ ဆိုပါတယ်။
အဲဒါက လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ၂၇ ဦး၊ CNF က ၂၇ ဦးနဲ့ မြို့နယ်နဲ့ ဒေသဘက်က ၈၆ ဦးလို့ ပြဌာန်းထားတဲ့ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆ နဲ့သက်ဆိုင်ပါတယ်။
CNF ယူထားတဲ့ ၂၇ ဦးဟာ မြို့နယ် ၉ မြို့နယ်က ကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ဝန်းကျင်ရှိတဲ့အတွက် မြို့နယ်အခြေပြုတဲ့ ချင်းအင်အားစုထဲက အဖွဲ့တချို့တွေက လက်မခံကြတာပါ။
ချင်းပြည်အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်ဖို့နဲ့ ကောင်စီကို ဖွဲ့စည်းရာမှာ ဒီမိုကရေစီနည်းလမ်းအရ မဲစနစ်နဲ့ ရွေးချယ်တင်မြောက် မှုတွေ ပြုလုပ်ပါက CNF က မဲထက်ဝက်နီးပါးကို ယူထားပြီးသာဖြစ်တယ်လို့ မြင်ကြတာပါ။
– မြို့နယ်နှင့် ဒေသ တစ်တန်းတည်းထားရှိခြင်း
နောက်တစ်ခုက ပုဒ်မ ၂၂ (က) ရဲ့ မြို့နယ်နဲ့ ဒေသများကို တတန်းထဲထားပြီး ချင်းပြည်ကို ဖွဲ့စည်းတည်ဆောက်တယ်လို့ ပြဌာန်းချက်နဲ့ ဆက်စပ်နေပါတယ်။
ချင်းပြည်ကို ဘယ်လို စုစည်းကြမယ်ဆိုတဲ့ အပိုင်းမှာ CJDC အဖွဲ့ဝင် အင်အားစုတွေဟာ ချဉ်းကပ်ပုံခြင်း မတူကြပါဘူး။ CJDC အဖွဲ့ ဝင် ထက်ဝက်နီးပါးရှိတဲ့ မျိုးနွယ်နဲ့ ဒေသအခြေပြု ဖွဲ့စည်းထားတဲ့ အင်အားစုတချို့က နယ်မြေ သို့မဟုတ် ဒေသ နဲ့ စုစည်းချင်ကြ ပါတယ်။ အဲဒီဒေသတွေမှာ သူတို့ကိုယ်ပိုင်နယ်မြေနဲ့ လွတ်လပ်တဲ့ အုပ်ချုပ်ရေးယူနစ်တွေ ဖော်ဆောင်ချင်ကြတာပါ။
တဖက်စဉ်းစားချက်မှာတော့ ရှိနှင့်ပြီးသား မြို့နယ် ၉ မြို့နယ်ကို အခြေခံပြီးတော့ တူညီစွာနဲ့ ချင်းပြည်ကို စုစည်းမယ်လို့ ဆိုကြတာပါ။ ဒေသနဲ့ မျိုးနွယ်စုအလိုက် စုစည်းမယ်ဆိုရင် မျိုးနွယ်စုပေါင်း ၅၀ ကျော်ရှိတဲ့ ချင်းပြည်နယ်မှာ မြို့နယ်ထဲက နယ်မြေ တွေကို ခွဲခြမ်းရတာ၊ နယ်မြေအသစ်သတ်မှတ်ရတာနဲ့ နောက်ထပ်မျိုးနွယ်စု လက်နက်ကိုင်တွေ ထပ်မံပေါ်ပေါက်လာပြီး တောင်းဆိုကြလိမ့် မယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ပါဝင်ပါတယ်။
ပုဒ်မ ၂၄ မှာတော့ မြို့နယ်၊ ဒေသ ဖွဲ့စည်းမှုကို ပြင်ဆင်ဖို့၊ အသစ်ဖွဲ့စည်းဖို့ ခွင့်ပြုထားပါတယ်။
လက်ရှိ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ အယူအဆ နှစ်ခုစလုံးကို ထည့်သွင်းပြဌာန်းထားတာပါ။ ဒါပေမဲ့ ခုခံတော်လှန်ရေး ၃ နှစ်နီးပါးအတွင်းမှာ CNF/CNA က မြို့နယ်တွေထဲမှ မျိုးနွယ်စု လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာဖို့ များစွာ ကူညီခဲ့တဲ့အတွက် ဩဇာလွှမ်းမိုးမှုနဲ့ ပတ်သက်လို့ စိုးရိမ်းမကင်းဖြစ်တယ်လို့ ညီလာခံမတက်ရောက်တဲ့အဖွဲ့တွေက မြင်ကြပါတယ်။
တချို့မြို့နယ်ကို အခြေပြုတဲ့ ချင်းအင်အားစုတချို့ကလည်း CNF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မျိုးနွယ်တူကြတယ်လို့ ထပ်မံ ထောက်ပြကြပါတယ်။
ဒါက ပုဒ်မ ၁၃ ရဲ့ ချင်းပြည်သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုတဲ့ အခြေခံမူအရ ကောင်စီနဲ့ အစိုးရဖွဲ့စည်းဖို့ မဲပေးရွေး ချယ်ရမှုတွေအပေါ်မှာ သက်ရောက်နိုင်တယ်လို့ ယူဆကြတာဖြစ်ပါတယ်။
“အခုဟာက ရှိရင်းစွဲချင်းပြည်ရဲ့ ချင်းပြည်တခုလုံးနိုင်ငံရေးကောင်စီ ရှိနင့်နေပြီးသားကို နောက်ထပ်ကောင်စီဖွဲ့ဖို့ လုပ်တဲ့အခါမှာ မရိုးမဖြောင့်မူတွေ အများကြီးတွေ့မြင်နေရပါတယ် ၊ကိုယ်စားလှယ် ဦးရေမှာလည်း အများကြီး ကစားထားတာကို လည်းတွေ့မြင် နေရပါတယ်။ ပါဝင်နေတဲ့အဖွဲ့ကလည်း ပိုဆိုးတာက ကျွန်တော်တို့မြို့နယ်ထဲမှာ ကျူးကျော်မူတွေ၊ နိုင်ထက်စီးနင်းထားတာ၊ အာဏာရှင်ဆန်ဆန်ဆောင်ရွက်ထား တာတွေရှိတော့ ကျွန်တော်တို့အတွက်က ပိုလို့တောင်မှ ယုံကြည်မူ တည်ဆောက်ထားနိုင် စရာမရှိတာပါ”လို့ CNO/CNDF မှ ဒု-ဥက္ကဌ၊ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းက ပြောပါတယ်။
– အစုအဖွဲ့တစ်ခုအောက် မဝင်လိုကြခြင်း
စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်လာပြီး အလျင်အမြန်ကြီးထွားလာတဲ့ ချင်းလက်နက်ကိုင်အင်အားစု တချို့ဟာလည်း လက်နက် ကိုင်အင်အားကြီးအစုအဖွဲ့တစ်ခုရဲ့ အောက်ကို မဝင်ချင်ကြသလို့ ထိန်းချုပ်ဩဇာလွမ်းမိုမှုကို မခံလိုကြပါဘူး။
အဲဒါကို ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံမှုများထဲက ပုဒ်မ ၉ နဲ့ ၁၀ မှာ ပြဌာန်းထားပါတယ်။
“ချင်းအမျိုးသားတပ်မတော်သည် ချင်းပြည် (Chinland)၏ တစ်ခုတည်းသော အမျိုးသားတပ်မတော် ဖြစ်သည်”၊ နောက်ပုဒ်မက “ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များသည် ချင်းပြည်အစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာ၏ တိုက်ရိုက် ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိသည်”လို့ ဆိုပါတယ်။
နှစ်ဖက်အဖွဲ့တွေရဲ့ နိုင်ငံရေးသဘောတူညီမှုတွေ မရရှိမှုဟာ နောက်ဆက်တွဲ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု အထိ ကြီးမားစွာ သက်ရောက်ခဲ့ပါတယ်။ CNF/CNA ဦးဆောင်ဖွဲ့စည်းထားတဲ့ ချင်းလဲန်းပူးပေါင်းကာကွယ်ရေး ကော်မတီ (CJDC)ကို ချင်းလဲန်း ဖွဲ့စည်းပုံဥပဒေအရ ကာကွယ်ရေးဌာနအောက်ကို ထည့်သွင်းဖို့ ညှိနှိုင်းကြချိန်မှာ သဘောတူညီမှုတွေ မရခဲ့လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်က အပြီးဖျက်သိမ်းလိုက်ကြပါတယ်။
လက်ရှိ နိုင်ငံရေး ရှုပ်ထွေးမှုတွေကြားမှာ CJDC ကို သီးခြားလွတ်လပ်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်း အနေနဲ့ ထားဖို့ အဆိုပြုခဲ့တယ်လို့ ချင်းလဲန်းညီလာခံကို မတက်ရောက်တဲ့အဖွဲ့တွေက ပြောကြပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ CNF/CNA နဲ့ မြို့နယ် အခြေပြုတဲ့ ချင်းအင်အားစုတွေကြား အပြိုင်စစ်ရေးတည်ဆောက်မှုတွေကလည်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းရမှုတွေကို သက်ရောက်မှုတွေ ရှိနေပါတယ်။
CNF/CNA ဟာ သူတို့ရဲ့ မြို့နယ်တွေမှာ စစ်ရေးတည်ဆောက်မှုနဲ့ စစ်ရေးဖော်ဆောင်မှုတွေကို မြို့နယ်အခြေစိုက် လက်နက်ကိုင် အင်အားစုတွေနဲ့ ညှိနှိုင်းမှု မရှိဘဲ တိုးချဲ့လုပ်ဆောင်နေတာကို စိုးရိမ်ကြပါတယ်။
ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်တွေဟာ ဆွေးနွေးစရာတွေ၊ ညှိနှိုင်းစရာတွေ အများကြီး ရှိနေသေးချိန်မှာ အတည်ပြုပြဌာန်းလိုက်တယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောပါတယ်။
“ဥပမာ တော်လွန်ရေးအစပိုင်းမှာ ဖြစ်စေ၊ တော်လှန်ရေးအလယ်မှာဖြစ်စေ အခုနောက်ပိုင်းနောက်ပိုင်းမှာဖြစ် စေ အဖွဲ့အစည်းတွေ အချင်းချင်းကြားထဲမှာ သဘောထားချင်း မတိုက်ဆိုင်တာ ၊သဘောချင်းကွဲလွဲစရာတွေ၊ အထင် အမြင်မှားစရာတွေ အများကြီးရှိ တော့ ဒီကြားထဲမှာ တဖွဲ့နဲ့ တဖွဲ့ ယုံကြည်ဖို့ခက်တယ်။ အခုက တဖွဲ့နဲ့တဖွဲ့ယုံကြည်ဖို့ ခက်ခဲသေးတဲ့အချိန်တွေ ပဋိပက္ခ တွေ မပြေလည်သေးတဲ့အချိန်မှာ ဒါကို ဆက်ပြီးတော့မှ သွားမယ်ဆိုရင် အဖွဲ့စည်းကို ကိုယ်စားပြုတဲ့ သူတွေရော ၊အဖွဲ့အစည်းက သူတွေရော လက်တွဲဖို့ အဆင်သင့်မဖြစ်သေးတဲ့ ပုံစံဖြစ်တာပေါ့။ အဓိက ယုံကြည်မူတည်ဆောက်ဖို့လိုသေးတယ်။ ရှေ့ကလည်း အကြိမ်ကြိမ်ပေါ့နော်၊ ယုံကြည်မူတွေ ပျက်စီးခဲ့ကြတယ်”လို့ ကိုယောမန်က ပြောပါတယ်။
– မတက်ရောက်သည့်အဖွဲ့တွေရဲ့ ခြေလှမ်း
တစ်ဖက်မှာလည်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့ဟာ မဟာမိတ်ညီအစ်ကိုများအဖြစ် စုစည်းပြီး စစ်ရေးနဲ့ နိုင်ငံရေးတို့မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးနေကြပါတယ်။
စစ်ရေးမှာ ညီအစ်ကိုသုံးဖွဲ့ဟာ အစုအဖွဲ့တစ်ခုခုကို ကျူးကျော်ရန်စတာမျိုးတွေ ဖြစ်လာပါက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဘယ်လိုရိုင်ပင်း ကူညီကြမလဲ နဲ့ အနာဂါတ်မှာ ပူးပေါင်းစစ်ဆင်ရေးတွေ ဘယ်လိုဖော်ဆောင်ကြမလဲ စတဲ့အချက်တွေကို ဆွေးနွေးထားတယ်လို့ CNO/CNDF ဒု CNO/CNDF မှ ဒု-ဥက္ကဌ၊ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းက ပြောပါတယ်။
နိုင်ငံရေးအပိုင်းမှာလည်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လမ်းကြောင်းကနေ ချင်းနိုင်ငံရေးကို ဆက်သွားနိုင်ဖို့ ဆွေးနွေးနေကြပါတယ်။
ICNCC မှာ လိုအပ်တဲ့ စုဖွဲ့မှုတွေ ရှိဖို့ ပြန်တည်ဆောက်နေတယ်လို့ ZFU/ PDF Zoland ဥက္ကဌက Zofa Journal နဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ ZFU/ PDF Zoland ဟာ ICNCC ၊ CJDC နဲ့ ဆက်လက်လျှောက်လှမ်းဖို့ ပေါ်လစီချထားပြီး သာဖြစ်ပြီး အသစ်ပေါ်လာတဲ့ ချင်းလဲန်းကောင်စီနဲ့ သွားဖို့ ပေါ်လစီ မရှိထားဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီဥပဒေကို အတည်ပြုလိုက်တဲ့ နေ့က စတင်ပြီး ICNCC နဲ့ သူ့ရဲ့ လုပ်ငန်းတာဝန် တွေကို လွှဲပြောင်းရယူတယ်လို့ ပြဌာန်းထားပါတယ်။ တဖက် ICNCC ကတော့ ကောင်စီနဲ့ သူ့ရဲ့ လုပ်ငန်း တာဝန်တွေကို မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကမှ ဖျက်သိမ်းပိုင်ခွင့် မရှိကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကိုမှ လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ICNCC ရဲ့ လုပ်ပိုင်ခွင့်တွေအရ ချင်းပြည်နယ်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မင်းတပ်၊ ဖလမ်းနဲ့ တီးတိန်မြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အပါအဝင် ချင်းတော်လှန်ရေးအင်အားစု တချို့ဟာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကို ဆက်လက်လည်ပတ်နေကြပါတယ်။
– ချင်းပြည်မြေပုံပြောင်းသွားမလား?
India for Myanmar တည်ထောင်သူနဲ့ ချင်းနိုင်ငံရေးလေ့လာသူ ဆလိုင်း ဒိုခါရ်က လက်ရှိ ချင်းပြည်နိုင်ငံရေးအခင်း အကျင်းဟာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ အဖြေမရှာနိုင်ပါက ယှဉ်ပြိုင်ကောင်စီနဲ့ ယှဉ်ပြိုင်အစိုးရတွေ ဖြစ်ပေါ်လာပြီး ချင်းပြည် နှစ်ခြမ်းကွဲသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
အဲဒီလိုသဘောထားကွဲလွဲမှုတွေဟာ အနာဂါတ်ချင်းပြည်မြေပုံအပြောင်းအလဲကိုပါ သက်ရောက်မှု ရှိနိုင်တယ်လို့ ဆလိုင်းဒါခါရ်က သတိပေးပါတယ်။
ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ချင်းလဲန်းကောင်စီ ဖြစ်ပေါ်လာဖို့ ချင်းတော်လှန်ရေးအင်အားစုတွေ နှစ်ပေါင်းများစွာ ကတည်း က ကြိုးစားနေကြတာပါ။ အခု ပြဌာန်းလိုက်တဲ့ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်ပေါင်း ၇၅ နှစ်ကျော်အတွင်းမှာ ပထမဦးဆုံး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားတဲ့ ဒေါက်တာလျန်မှုန်း ဆာခေါင်းဟာ CNF ဒုဥက္ကဌလည်းဖြစ်ပါတယ်။
လက်ရှိ လက်နက်ကိုင်တော်လှန်မှုမှ ချင်းတော်လှန်ရေးအင်အာစုများဟာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တိုက်ပွဲဝင်နေတဲ့ အစိုးရအဖြစ်သို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တရားဝင်အသိအမှတ်ပြမှု ရရှိရေးမှာ ဒါက အရွေ့ကြီးတစ်ခု ဖြစ်ပါတယ်။
– ဖွဲ့စည်းပုံ ဥပဒေအပေါ် အခြေခံပြီး ပြန်ညှိနှိုင်း
ဒီလိုပြဌာန်းနိုင်မှုဟာ ချင်းပြည်အတွက် အလာအလားကောင်းဖြစ်ပြီး ဒီလမ်းကြောင်းပေါ်ကနေ ချင်းပြည်တည်ဆောက် ရေးကို ဆက်လျှောက်လှမ်းဖို့နဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြင်ဆင်မှု လမ်းကြောင်းကနေ ချင်းလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ပြန်ညှိနှိုင်းဆွေးနွေးကြဖို့ ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်ကြီးနဲ့ ဥပဒေ အထောက် အကူပြုကွန်ရက်ကို ထူထောင်သူ ရှေ့နေဦးအောင်ထူးက အကြံပြုပါတယ်။
“နိုင်ငံရေးကတော့ သူ့အကြောင်းနဲ့ သူ ရှိကြတယ်လေ။ အဲတော့ ကိုယ်က အခိုင်မာဆုံးအကြောင်းကို ရှင်းပြပြီးတော့မှ အခြေခံကနေ ပြန်ညှိကြ၊ ဆွေးနွေးကြပေါ့။ ပြန်ညှိ၊ ပြန်ဆွေးနွေးခြင်းဟာ အဲဒါအဖြေပဲ၊၊ ဒီကနေ့ အခြေအနေမှာ ကျနော်တို့ Dialogue ကို ရှာရမှာက စစ်ကောင်စီမပါပဲ ကိုယ့်အချင်းချင်း ဆွေးနွေးတဲ့ dialogue တွေက သိပ်တန်ဖိုး ရှိသွားပြီ။ နီဂိုရှေးရှင်း၊ မီဒီရေးရှင်း လမ်းကြောင်းကို လျှောက်ဖို့လိုတယ်။ လုံးဝ လက်နက်ကိုင်အချင်းချင်း မဖြစ်ဖို့ အရေးကြီးတယ်။ အဲဒါကို လုံးဝ တစ်ရာရာခိုင်နှုန်း ထိန်းထားဖို့ လိုတယ်။ လက်နက်ကိုင် တိုက်ပွဲ ကိုယ့်အချင်းချင်း ဘယ်တော့မှ မဖြစ်အောင် ဒီအပေါ်မှာ အခြေခံပြီးတော့ ဒီဟာတွေကို ပြန်ညှိကြရင် ရမှာပါ။ နောက်ဆုံးလမ်းကြောင်းကတော့ အဲဒါပဲ ထင်ပါတယ်”
– အရပ်ဘက်အဖွဲ့တွေ လှုပ်ရှားမှု
ချင်းလက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစုတွေကြားက မပြေလည်မှုတွေကို ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့၊ ချင်းပြည်တည်ဆောက်ရေးမှာ မတူညီတဲ့ အင်အားစုတွေကို ဖယ်ချန်ထားခြင်းထက် အသိအမှတ်ပြုတန်ဖိုးထားဖို့ ၊ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ဖို့ ချင်းအရပ်ဖက် လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေက တိုက်တွန်းထားပါတယ်။
ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် Chin Civic Movement လှုပ်ရှားမှုကိုလည်း သူတို့က ဒီရက်ပိုင်းမှာ စတင်လှုပ်ရှားလာပြီဖြစ်ပါတယ်။
ချင်းတော်လှန်ရေးညီအစ်ကိုတွေ အချင်းချင်းကြား မသင့်မမြတ်ဖြစ်နေတာတွေဟာ မကောင်းတဲ့အတွက် ကျွန်တော်တို့ ညှိနှိုင်း ဆွေးနွေးအဖြေရှာကြရမယ်၊ တကယ်အဖြေရအောင်ဆိုရင် စာပွဲဝိုင်းပေါ်မှာ မရမက ညှိနှိုင်းအဖြေရှာကြရမှာပါလို့ မင်းတပ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောပါတယ်။
ချင်းလဲန်းကောင်စီရဲ့ ဒုဥက္ကဌ – ၂ Salai Bawi Kung က ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားမမျှတဘူးဆိုရင် ပြန်ပြင်ရမှာ ဖြစ်ပြီး တရားမျှတအောင်လုပ်ဖို့ သံဓိဌာန်ချထားတယ်လို့ Chinland Information Center နဲ့ အင်တာဗျူးမှာ ဖြေဆိုပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်ရမှာပေါ့နော်။ အဲဒါက တရားမမျှတဘူးဆိုရင် ပြန်ပြင်ရမယ်။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရားမျှတအောင် လုပ်ရမယ်ဆိုပြီး ကျနော်ကိုယ်တိုင်က သံဓိဌာန် ချထားတာ။ အဲဒါကို ကျနော်က အင်တိုက် အားတိုက် နဲ့ သူတို့နဲ့ အတူ ရေးဆွဲလာခဲ့တာဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်အပိုဒ်က မမျှတဘူးလဲဆိုတာ အဲဒါမေးရင် ပိုကောင်း လိမ့်မယ်”……..။