ဖလမ်းမြို့တွင် နေထိုင်သည့် အသက် (၂၅) နှစ်အရွယ် မရွယ်ရွယ်သည် အွန်လိုင်းကိုအသုံးပြုကာ စီးပွားရေး လုပ်ကိုင်နေသူဖြစ်သည်။ ခေတ်ပညာတတ်တစ်ဦးဖြစ်သည်နှင့်အညီ အွန်လိုင်းကို ကျွမ်းကျင်စွာ အသုံးပြုတတ်သဖြင့် လက်ရှိ ကိုဗစ်ကာလနှင့် အာဏာသိမ်းမှုကာလများအတွင်း Online Shop ဟုခေါ်သည့် အင်တာနက်အသုံးပြု၍ စျေးရောင်းချသည့်အလုပ်ကို လုပ်ရင်း ဝင်ငွေရှာဖွေခဲ့သူဖြစ်ပြီး တစ်လလျှင် အနည်းဆုံး ပျမ်းမျှ ကျပ်သုံးသိန်းအထိ ဝင်ငွေရနေသူဖြစ်သည်။
စစ်ကောင်စီက ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင်တော့ သူ့မိသားစုကို ထောက်ပံ့ပေးနိုင်သည့် ထိုဝင်ငွေက ထက်ဝက်မက ထိခိုက်ဆုံးရှုံးသွားရသည်။
ချင်းပြည်နယ်ရှိ မြို့တော်ဟားခါးမှလွဲ၍ ကျန်မြို့နယ်များအားလုံးတွင် အင်တာနက် ဖြတ်တောက်မှုများကို စစ်ကောင်စီက စက်တင်ဘာလ (၂၃) ရက်နေ့တွင် လုပ်ဆောင်ခဲ့သည်။ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စသည့် မြို့နယ်များ၌ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ငါးသိန်းဝန်းကျင် နေထိုင်ကြရာ အင်တာနက် ဖြတ်တောက်လိုက်ခြင်းကြောင့် ၉၀ ရာခိုင်နှုန်းထက်မနည်း စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များတွင် ထိခိုက်ဆုံးရှုံးလိုက်ကြရခြင်းလည်း ဖြစ်သည်။
ချင်းပြည်နယ်၌ လူဦးရေ (၁၀၀) လျှင် (၇၉) ဦးမှ ကျေးလက်ဒေသများ၌ နေထိုင်ကြခြင်းဖြစ်သောကြောင့် မိုဘိုင်းဒေတာများ ဖြတ်တောက်လိုက်လျှင် လူတိုင်း အင်တာနက်သုံးစွဲနိုင်ခွင့်နှင့် အလှမ်းဝေးသွားမည် ဖြစ်သည်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ကာ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်လိုက်သည့် မြို့နယ်များသည် အများအားဖြင့် စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေသည့် ဒေသများဖြစ်ကြကြောင်း ဒေသခံများက ဆိုသည်။
အထူးသဖြင့် မင်းတပ်နှင့် ထန်တလန်မြို့တို့သည် စစ်ကောင်စီကို တစိုက်မတ်မတ် တွန်းလှန်နေသည့် ဒေသများဖြစ်ကာ လက်ရှိ၌ ဒေသခံများက မြို့ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။
“ထန်တလန်ဘက်ကတော့ အိန္ဒိယဘက်နဲ့ နီးတဲ့ဆီမှာ Air Tel လို့ခေါ်တဲ့ အိန္ဒိယဆင်းမ်ကတ်တွေ သုံးနိုင်ကြပေမယ့် အများစုကတော့ မသုံးနိုင်ကြဘူးဗျ။ ဖုန်းဆက်ပြီးတော့မှပဲ မေးမြန်းကြရတာ” ဟု ထန်တလန်မြို့နယ်မှ ကျေးရွာတစ်ခုသို့ စစ်ဘေးရှောင် ရောက်ရှိနေသူတစ်ဦးက ဆိုသည်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီကို တွန်းလှန်ရာ၌ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Chin Defence Force (CDF) အနေဖြင့်လည်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို စနည်းနာရာ၌ ဖုန်းဖြင့် ဆက်သွယ်၍သာ ချိတ်ဆက်ရကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။
ထို့ပြင် အဖွဲ့အနေဖြင့် ထုတ်ပြန်ချက်များကို လူမှုကွန်ရက်ပေါ်သို့ တင်ပြလိုလျှင် အိန္ဒိယနိုင်ငံဘက်နှင့် နီးကပ်သည့်နေရာသို့ သွားရောက်ကာ အင်တာနက်သုံးစွဲရကြောင်းလည်း ၎င်းက ပြောသည်။
“သူတို့ (စစ်ကောင်စီ) က အခွင့်ကောင်း နည်းနည်း သာတာပေါ့။ အင်ဖော်မေးရှင်းနဲ့ ပတ်သက်ပြီးတော့၊ ဒါပေမယ့် ကျွန်တော်တို့ကလည်း တခြားမြို့နယ်တွေကနေ သူတို့စစ်ကြောင်း တက်လာမယ်ဆိုတဲ့ သတင်းတွေလည်း အခုထိတော့ (ဖုန်းနဲ့) အဆင်ပြေနေပါသေးတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
စစ်တပ်ကထုတ်သည့် Mytel ဆင်းမ်ကတ်ဖြင့် အင်တာနက်သုံး၍ ရမရကိုမူ ဆင်းမ်ကတ်မသုံးကြသဖြင့် မသိကြသော်လည်း ကျန်သည့် အခြားအော်ပရေတာအကုန်လုံး၏ မိုဘိုင်းဒေတာများကို ဖြတ်တောက်ထားခြင်း ဖြစ်သည်။
တီးတိန်မြို့နယ်မှ ကျေးရွာတစ်ခုတွင် နေထိုင်သည့် ကိုဂျွန်မှာ လက်ရှိကာလတွင် ဖြစ်ပေါ်နေသည့် သတင်းအချက်လက်များကို စိတ်ဝင်စားသဖြင့် နေ့စဉ် လူမှုကွန်ရက် Facebook ကို အသုံးပြုနေသူ ဖြစ်သည်။
ချင်းပြည်နယ်အပါအဝင် အခြားသောဒေသများမှ သတင်းများကို ကြည့်ရှုပြီး ပတ်ဝန်းကျင်မှာ အင်တာနက်မသုံးစွဲတတ်သည့် မိဘများနှင့် မိတ်ဆွေများကို ပြန်လည်ပြောပြလေ့ရှိသည်ဟု ကိုဂျွန်က ပြောသည်။
သို့သော် စက်တင်ဘာလနောက်ဆုံးပတ်အတွင်းမှစတင်ပြီး အင်တာနက်သုံးစွဲရန် အဆင်မပြေတော့သဖြင့် သတင်းအချက်အလက်များကို အဆက်ပြတ်သွားသည်ဟု ပြောသည်။ သူနေထိုင်သည့် ကျေးရွာ၌ ၀ိုင်ဖိုင်လိုင်းများလည်း မရှိသဖြင့် အင်တာနက်မသုံးနိုင်တော့ဟု သူက ပြောဆိုသည်။
ကန်ပက်လက်မြို့တွင် နေထိုင်သည့် အသက် (၄၀) နှစ်အရွယ် အိမ်ထောင်ရှင်အမျိုးသားတစ်ဦးကလည်း သားသမီးများ၏ ပညာရေးအတွက် အင်တာနက်အသုံးပြုကာ Zoom စသည်တို့ဖြင့် သင်ကြားမှုများကို ပြုလုပ်စေခဲ့သော်လည်း ယခုကာလ၌ ထိုသင်ကြားမှုများအားလုံးကို ရပ်တန့်ထားရကြောင်း ပြောသည်။
အင်တာနက်ဟု အလွယ်တကူ ခေါ်ဆိုကြသည့် နေ့စဉ် လူမှုဘဝ၏ မရှိမဖြစ် အရေးပါလာသည့် အွန်လိုင်းသုံးစွဲမှုစနစ်မှာ တစ်ဦးနှင့်တစ်ဦး မတူညီကြသော်လည်း နေရာယူထားပုံခြင်းကတော့ တူညီကြသည်။ သတင်းအချက်အလက်သိရန်၊ အရောင်းအဝယ် ပြုလုပ်ရန်၊ ပညာသင်ကြားရန် စသည်တို့အတွက် အသုံးပြုလေ့ရှိကြပြီး အင်တာနက်အဖြတ်တောက်ခံလိုက်ရခြင်းကြောင့် နေ့စဉ် လူနေမှုဘဝများကိုပါ ထိခိုက်စေသည်ဆိုသည်မှာ အထက်ပါ ဖြစ်ရပ်များကို ကြည့်လျှင် သိနိုင်မည် ဖြစ်သည်။
စစ်ကောင်စီ၏ အင်တာနက်လိုင်း ဖြတ်တောက်မှုမှာ ချင်းပြည်နယ်တစ်ခုတည်းမဟုတ်၊ မကွေးတိုင်းအတွင်းမှ မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း စသည့် ဒေသများလည်း ပါဝင်သည်။ စက်တင်ဘာလ (၂၃) ရက် နံနက် (၆) နာရီဝန်းကျင်မှစ၍ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
“စဖြစ်ဖြစ်ချင်းကတော့ ကိုယ့်မှာ ဘေလ်မရှိလို့ သုံးလို့မရဘူးလို့ထင်တာ၊ ဘေလ်စစ်ကြည့်တော့လည်း ရှိနေတယ်။ လိုင်းကလည်း သုံးလို့မရဘူး ဖြစ်နေတယ်။ ဘာဖြစ်မှန်း မသိဘူး။ မန္တလေးဘက်က သူငယ်ချင်း တစ်ယောက်က လှမ်းပြောပြမှ ကိုယ့်ဆီမှာ အင်တာနက် ဖြတ်ထားမှန်း သိရတာ” ဟု ကန်ပက်လက်မြို့ပေါ်မှ ဒေသခံ အိမ်ထောင်ရှင်အမျိုးသားက ပြောသည်။
လက်ရှိတွင် အင်တာနက်ဖြတ်တောက်ထားမှုမှာ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး သတင်းအချက်အလက်အတွက် ဖုန်းဆက်၍ ဖြစ်စေ၊ စာတိုပေးပို့ခြင်းများဖြင့်ဖြစ်စေ ရယူနေရကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်သည် တိုက်ပွဲများ ပြင်းထန်လေ့ရှိသည့် ဒေသများ၌ အင်တာနက်လိုင်းများ ဖြတ်တောက်လေ့ရှိသည်ဟု ဆိုရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်နေချိန် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်မှစတင်ကာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့၌ လုံခြုံရေးအကြောင်းပြချက်ဖြင့် အင်တာနက်လိုင်းများ ဖြတ်တောက် ခဲ့ကြောင်း ထိုစဉ်က သတင်းမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။
နှစ်နှစ်နီးပါးကြာအောင် အင်တာနက်ဖြတ်တော်ထားမှုမှာ ကမ္ဘာ့စံချိန်တင်လောက်အောင်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအကြာ၌ အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ကြောင်း ရခိုင်ဒေသခံများက ဆိုသည်။
အင်တာနက်ဖြတ်တောက်ခံထားရသည့်ကာလအတွင်း ရခိုင်ကျေးရွာများထဲ စစ်တပ်က ဝင်လာသဖြင့် ဒေသခံများ ထွက်ပြေးရခြင်း၊ ပစ္စည်းများ ပျောက်ဆုံးခြင်း၊ နေအိမ်များ မီးရှို့ခြင်းများအပြင် ပစ်သတ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ဒေသခံများက သတင်းမီဒီယာများသို့ ပြောဆိုကြသည်။
အလားတူပင် ချင်းပြည်နယ်အတွင်း၌လည်း အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုနှင့် ဒေသခံများအပေါ် ရက်စက်မှုများက ပိုမိုပြင်းထန်လာသည်ဟု ချင်းပြည်နယ် ဒေသခံများက ဆိုသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်မှုများအရ သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်း ချင်းပြည်နယ်အတွင်းမှ လူ (၁၇) ဦး အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ချင်းတိုင်းရင်းသား (၆၀၀) ကျော်ရှိနေပြီး သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်းမှာပင် အယောက် (၇၀) ရှိခဲ့သည်ဟု သိရသည်။
ယင်းအပြင် ထိုနှစ်လအတွင်း ခရစ်ယာန်ဘုရားကျောင်း ခုနစ်ကျောင်းနှင့် လူနေအိမ် (၁၉) လုံးကို လက်နက်ကြီးထိမှန်ပြီး အချို့မှာ မီးရှို့ဖျက်ဆီးခံရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အောက်တိုဘာလ (၁၅) ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဆိုထားသည်။
ထိုအစီရင်ခံစာထုတ်ပြန်ပြီး မကြာမီရက်ပိုင်းအတွင်း အောက်တိုဘာလ (၂၉) ရက်နေ့တွင် ထန်တလန်မြို့ပေါ်၌ မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ (၂၀၀) နီးပါး ဆုံးရှုံးခဲ့ရသည်။ မြို့ခံများမှာ စက်တင်ဘာလ (၁၈) ရက်နေ့ကတည်းက စစ်ဘေးတိမ်းရှောင်နေသဖြင့် လူထိခိုက်မှုတော့ မရှိခဲ့ပေ။ ထိုမီးလောင်မှုမှာ စစ်ကောင်စီဘက်က ရှို့သည်ဟု ဒေသခံများက ယုံကြည်နေကြပြီး စစ်ကောင်စီဘက်ကမူ ဒေသကာကွယ်ရေး တပ်ဖွဲ့များက ရှို့သည်ဟု တု့ံပြန်ထားသည်။
စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီးနောက် စစ်ကောင်စီသည် အောက်တိုဘာလဆန်းပိုင်းမှာပင် ချင်းပြည်နယ်သို့ လူအင်အား၊ လက်နက်အင်အား အမျာအပြားဖြင့် ဝင်ရောက်ခဲ့ပြီး စစ်ဆင်ရေးဆင်နွှဲခဲ့သည်။
အောက်တိုဘာလ (၉) ရက်နေ့တွင် စစ်ကိုင်းတိုင်း ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်သို့ ဝင်ရောက်သွားသည့် တင့်ကားနှစ်စီးနှင့် စစ်ကား အစီး (၂၀) ကျော် ပါသည့် စစ်ကောင်စီယာဉ်တန်းသည် လမ်းဘေးဝဲယာမှ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးကာ ဒေသခံတို့ မွေးမြူထားသည့် ကြက်၊ ဝက် စသည်တို့ကို သတ်ဖြတ် စားသောက်ခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။
“သူတို့ဝင်လာတော့ ရွာခံတွေက ထွက်ပြေးရတယ်လေ၊ ကြောက်လို့၊ ဒီတော့ သူတို့က စိတ်ထင်တိုင်း လုပ်သွားကြတာပဲ၊ အဖိုးတန်ပစ္စည်းတွေ ယူတာမျိုး၊ ကြက်တွေ ဝက်တွေ သတ်စားသွားတာမျိုးတွေ လုပ်ကြတယ်” ဟု ချင်းပြည်နယ်အဝင် ခိုင်ကမ်းမြို့ဒေသခံတစ်ဦးက ပြောပြသည်။
အောက်တိုဘာလအတွင်းက စစ်ကောင်စီ၏ ချင်းပြည်နယ်အတွင်းမှ စစ်ယာဉ်တန်းသည် ချင်းအမျိုးသားတပ်ဦး (CNF) အခြေစိုက်ရာ ထန်တလန်မြို့သို့ ဦးတည်နေပြီး လမ်းတလျှောက်ရှိ ဖြတ်သန်းရာ ကျေးရွာများကို ဆက်တိုက်ဆိုသလို မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
ကလေး-ဖလမ်း-ဟားခါးလမ်းတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ အောက်တိုဘာလ (၁၄) ရက်၊ (၁၉) ရက်နှင့် (၂၅) ရက်နေ့တို့တွင် ဖလမ်းမြို့နယ် ထလန်ရောန်ရွာသစ်၊ တားလ်းရွာ၊ တလန်ဇာရ်ရွာ၊ ရီရယ်သီးရွာတို့ရှိ ခရစ်ယာန်ဘုရားကျောင်းအချို့နှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ မီးရှို့ခံရသည့် အိမ်ခြေ (၄၀) ထက်မနည်း ရှိမည်ဟုလည်း ဒေသခံများထံမှ သိရသည်။
ထန်တလန်မြို့ပေါ်တွင်လည်း စက်တင်ဘာလ (၁၈) ရက် မြို့ပေါ်တိုက်ပွဲကြောင့် နေအိမ် (၁၉) လုံး မီးလောင်ခဲ့သည့်အပြင် အောက်တိုဘာလ (၂၉) ရက်နေ့တွင်လည်း မြို့ပေါ်ရပ်ကွက်နေအိမ်များ မီးလောင်မှုကြောင့် အိမ်ခြေ (၂၀၀) နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ရသည်။
ထိုလုပ်ရပ်များသည် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များဖြစ်ပြီး စစ်ကောင်စီ၏ အဓိကရည်ရွယ်ချက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ရှင်းလင်းရန် ဖြစ်သော်လည်း ပြည်သူများအပေါ်သာ အနိုင်ကျင့်မှုများ ပြုလုပ်နေသည်ကို တွေ့ရကြောင်း ဖလမ်းမြို့နယ်အတွင်းမှ လူငယ်တစ်ဦးကလည်း ပြောသည်။
“သူတို့က CDF တွေကို နှိပ်ကွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်လာခဲ့ပေမယ့် တကယ်တမ်းမှာက သူတို့ပဲ ခံလာရတာ၊ လမ်းတစ်လျှောက်က ပြည်သူတွေကို နှိပ်စက်တာ၊ ရွာတွေ ဖျက်ဆီးတာမျိုးပဲ လုပ်နိုင်ကြတယ်။ ပြည်သူတွေက လက်နက်မရှိတော့ သူတို့လုပ်သမျှကို မတားဆီးနိုင်ဘူးလေ၊ ဒါဟာ စစ်ကောင်စီရဲ့ အကျင့်စရိုက်ဆိုးတွေပါပဲ” ဟု အမည်မဖော်လိုသည့် အဆိုပါလူငယ်က ပြောဆိုသည်။
စစ်တမ်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့် ပိုမိုကျဆင်းလာသည်ဟု လေ့လာနေသူများက ပြောဆိုကြသည်။
Freedom House ၏ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် ယခင်နှစ်ကထက် အဆင့် (၁၄) ဆင့်လောက် ကျဆင်းသွားသည်ဟု ယခုနှစ်တွင် ထုတ်ပြန်ထားသည်။
ထိုအဖွဲ့သည် နိုင်ငံပေါင်း (၄၁) နိုင်ငံကို (၁၁) နှစ်ဆက်တိုက် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့မှုအရ ယခုနှစ်သည် အင်တာနက်သုံးစွဲသူများကို တိုက်ခိုက်ခံရသည့်နှုန်းမှာ စံချိန်တင် မြင့်တက်လာသည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အင်တာနက် ဖြတ်တောက်ခြင်း၊ Facebook လူမှုကွန်ရက်သုံးစွဲခွင့် ပိတ်ပင်ခြင်း စသည်တို့ကို လုပ်ဆောင်နေပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်မူ တစ်နိုင်ငံလုံးကို အင်တာနက်ဖြတ်ချလိုက်ပြီးနောက် နောက်ရက်တွင် ပြန်လည်အသုံးပြုခွင့် ပေးခဲ့သော်လည်း Facebook သုံးစွဲခွင့်ကိုမူ ယနေ့အထိ ပိတ်ပင်ထားဆဲ ဖြစ်သည်။
ချင်းပြည်နယ်အတွင်း၌မူ ယနေ့အထိ စစ်ကောင်စီက အင်တာနက်ပိတ်ပင်ထားကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
သို့သော် ဒေသခံပြည်သူများ၏ ပူးပေါင်းမှုဖြင့် စစ်ကောင်စီ၏ သတင်းအချက်အလက်များက ဒေသကာကွယ်ရေးတပ်ဖွဲ့များထံ ရောက်ရှိနေသောကြောင့် စစ်ကောင်စီ၏ မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်ရလေသည်။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – CDF ၏ ပြောရေးဆိုခွင့်ရှိသူကမူ အင်တာနက်လိုင်းများ ဖြတ်တောက် ခံရသော်လည်း ကျော်လွှားနိုင်မည့်နည်းလမ်းများကို အမြဲရှာဖွေနေကြောင်း ဆိုလေသည်။
“ကျွန်တော်တို့ကို ဘယ်လောက်ပဲ ဖြတ်တောက် ဖြတ်တောက်ပါစေ၊ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျွန်တော်တို့က အဖြေတော့ အမြဲတမ်း ရှာနိုင်မှာပါလို့” ဟု ၎င်းက ပြောသည်။
အလားတူ မရွယ်ရွယ်ကလည်း မိုဘိုင်းဒေတာများ မရတော့သော်လည်း ၀ိုင်ဖိုင်အင်တာနက်လိုင်းများကို အသုံးပြု၍ သူ၏ အွန်လိုင်းပေါ်မှ စီးပွားရေးစျေးကွက်ကို အကောင်အထည်ဖော်နေရကြောင်း ဆိုလေသည်။
ဆလိုင်းထန်