ရေး – Salai Van Cung Lian (UK)
နိဒါန်း
ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အခါတိုင်း မိန့်ခွန်းများတွင် ဘာကြောင့်ကျင်းပရသလဲဆိုတာကို အမြဲပြောလေ့ရှိပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြပါဘူး။ တချို့က… တိုက်သူကြီး၊ ရွာသူကြီး စနစ်ကနေ ဒီမိုကရေစီစနစ်ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်တဲ့နေ့၊ တချို့ကတော့… ဖလမ်းမြို့မှာ လူထုငါးထောင်တွေ့ဆုံပြီး ဆုံးဖြတ်တာဖြစ်တဲ့အတွက် စည်းလုံးမှု ပြယုဒ်ဖြစ်လို့… စသဖြင့်ပြောဆိုကြ သည်။ တချို့ကလည်း… ဘိုးဘွားတွေ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ တိုက်သူကြီး၊ ရွာသူကြီး စနစ်ကို ဖျက်သိမ်းတာဖြစ်တဲ့နေ့ကို ချင်းအမျိုးသားနေ့လို့ မခေါ်သင့်ကြောင်း ပြောကြသည်။ ဒါကြောင့် ချင်းသမိုင်းအကျဉ်းချုပ်နဲ့ ချင်းအမျိုးသားနေ့ရဲ့အနှစ်သာရကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။
ချင်းအမျိုးသားနေ့ဟာ ၁၉၅၁ ခုနှစ်အောက်တိုဘာလ (၉) ရက်နေ့တွင်ကျင်းပသော ချင်းရေးရာဝန်ကြီး အစည်းအဝေးမှ ဖြစ်ပေါ်လာသည့် အချက်ကို အာလုံးသိပြီးဖြစ်သည်။ ထို့ကြောင့် ချင်းမျိုးသားနေ့ အကြောင်းလေ့လာရာတွင် ကျွနု်ပ်သည် ချင်းရေးရာဝန်ကြီးအစည်းအဝေး၏ ဆွေးနွေးချက်နှင့်ဆုံးဖြတ်ချက်ကိုသာ စူးစိုက်ဖော်ပြသွားမည်ဖြစ်သည်။
လွပ်လပ်ပြီးခေတ်၊ချင်းရေးရာဌာန၏ ကြိုးပမ်းမှုများ
၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ချင်းရေးရာကောင်စီ အစည်းအဝေးအကြောင်း မဖော်ပြမီ တွင် ချင်းရေးရာဌာန၏ လွတ်လပ်ပြီးကာလ ကြိုးပမ်းချက်များအားဖော်ပြလိုပါသည်။ ၁၉၄၈ခုနှစ်၊ ဇန္နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်းအခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ပေါ်ပေါက်လာခဲ့ပါသည်။
ချင်းရေးရာဌာနရဲ့ ပထမဆုံးလုပ်ငန်းအနေဖြင့် ချင်းတောင်တန်းတွင် ရှေးယခင်ခေတ်အဆက်ဆက်မှ ဗြိတိသျှခေတ်အထိ အသုံးပြုခဲ့သည့် သက်ဦးဆံပိုင်စနစ်ဟောင်းကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ ချင်းရေးရာဌာနက (၂၂) ဇန်နဝါရီ ၁၉၄၈ ခုနှစ်တွင် ဝန်ကြီးအဖွဲ့သို့ ချင်းတောင်စုံစမ်းရေးကော်မရှင်ဖွဲ့ပေးရန် တင်ပြခဲ့သဖြင့် (၆) ဖေဖော်ဝါရီ ၁၉၄၈ တွင် ထိုကော်မရှင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအဖွဲ့တွင် ဦးဝမ္မသူးမောင်း၊ စည်သူဦးသိမ်းမောင် ( အေ – တီ – အမ်) နှင့် ဦးစိုးဝင်း (အမျိုးသားပညာဝန်ဟောင်း) တို့ပါဝင်ကြသည်။
ကော်မရှင်၏ အဓိကရည်ရွယ်ချက်နှင့်လုပ်ငန်းများမှာ တိုက်သူကြီးများနှင့်သူကြီးများခံစားရသော စိတ်သဘောထားကို တိကျစွာစူးစမ်းရှာဖွေရန်၊ တိုက်သူကြီးများကောက်ခံလျက်ရှိသော အခွန်တော်ပပျောက်ရေးကို လှုံ့ဆော်ကြွေးကြော်လျက်ရှိ သည့် လုပ်ငန်းများအပေါ်တွင် လူထု၏ဆန္ဒကို စုံစမ်းရန်၊ အခြားတစ်ဖက်တွင် ထိုသို့ဖြုတ်ချရာတွင် အစိုးရတွင်တတ်နိုင်သမျှ ငွေကုန်ကျသက်သာစေရန်၊ အစိုးရအုပ်ချုပ်ရေးပြောင်းလဲရာတွင် အစိုးရအုပ်ချုပ်ရေးအဖွဲ့၏အကျိုးကို မထိခိုက်စေရန် နည်းလမ်းများရှာဖွေပြီး အစိုးရထံသို့အစီရင်ခံစာနှင့်တစ်ကွ ထင်မြင်ယူဆချက်နှင့်ထောက်ခံချက်တို့ကိုပါတင်သွင်းရန် ဖြစ်သည်။ ကော်မရှင်သည် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) – (၁၈) ရက်များတွင် တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်တို့တွင် လူထုကိုယ်စားလှယ်၊ တိုက်အုပ်၊ သူကြီးများနှင့်တွေ့ဆုံပြီး ၎င်းတို့၏ဆန္ဒကို စုံစမ်းမေးမြန်းခဲ့သည်။
ဖလမ်းမြို့လွပ်လပ်ရေးအောင်ပွဲညီလာခံသဘင်
အဲဒီလိုစုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၉) – (၂၂) ရက်အထိ ဖလမ်းမြို့မှာကျင်းပခဲ့တဲ့ လွတ်လပ်ရေးအောင်ပွဲ လူထုညီလာခံသဘင်ကျင်းပခြင်းနှင့် တိုက်ဆိုင်ခဲ့ပါသည်။ လူများက ဖလမ်းမြို့လူထုညီလာခံသည် တိုက်သူကြီးများဖြုတ်ချနိုင်ရေးအတွက် လူထုဆန္ဒကောက်ခံရန်ကျင်းပခြင်းဖြစ်သည်ဟု ထင်မှတ်ကြသည်။ အမှန်စင်စစ် ဤညီလာခံသည် လွတ်လပ်ရေးအောင်ပွဲအခမ်းအနားကျင်းပရန်အတွက် စီစဉ်ရခြင်းဖြစ်သည်။
လွတ်လပ်ရေးနေ့သည် ဇန်နဝါရီ (၄) ရက်တွင်ရရှိခဲ့သည်မှန်သော်လည်း ဖလမ်းမြို့သို့ ပြည်ထောင်စုသမ္မတကိုယ်တိုင်နှင့် နိုင်ငံတော်အကြီအကဲများ တက်ရောက်ရန်ဖြစ်သောကြောင့် ဖေဖော်ဝါရီ (၁၉) – (၂၂) ရက်တွင် ကျင်းပရခြင်းဖြစ်သည်။ ဤညီလာခံအတွက် အစိုးရမှ ဘတ်ဂျက် ရူပီ (၂၁၀၀၀) ကို ခွဲဝေချထားသည်။ နည်းလှသည့်ဘတ်ဂျက်မဟုတ်ပေ။ ထိုခေတ်ကာလတွင် စစ်သားတစ်ဦး၏ လစာသည် တစ်လလျင် ရူပီ (၁၅)၊ အစိုးရဝန်ထမ်းအရာရှိတို့၏ ပျမ်းမျှတစ်လဝင်ငွေမှာ ရူပီ (၃၀) နှင့် နွားနောက်တစ်ကောင် သည် ရူပီ (၂၀) ရှိသည်။ ထိုအခမ်းအနားသို့ ပြည်ထောင်စုသမ္မတ စပ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး မိန်ခွန်းပြောကြားခဲ့သည်။
ထိုအစည်းအဝေးသို့ တက်ရောက်သောလူဦးရေသည် (၅၀၀၀) ကျော်ရှိသည်မှာလည်း လူအများမှသံသယရှိကြသည်။ လူထု (၅၀၀၀) ကျော်တက်ရောက်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုစဉ်က တာဝန်ထမ်းဆောင်သည့် ဟားခါးမြို့နယ်အထက် လွတ်တော်အမတ် ဦရိုထန် (Pu Ro Thang) ကလည်း မှန်ကန်ကြောင်းပြောဆိုခဲ့သည်။ ထိုအချိန်က ဖလမ်းအရေးပိုင် ဦးတွန်မှုန်း (PuTuangHmung) ၏ နှစ်စဉ်အစီရင်ခံစာတွင်လည်း ရှင်းလင်းစွာဖော်ပြထားသည်မှာ ဧည့်သည်စုစုပေါင်း (၅၀၀၀) ခန့်ရှိပြီး ချင်းတောင်ကဲ့သို့သောနေရာမျိုးတွင် ထိုမျှလောက်သောလူစာရင်းသည် နည်းသည်မဟုတ်ဟုဆိုပါသည်။ ၎င်းအစီရင်ခံစာတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးကား ကန်ပက်လက်နှင့်ပလက်၀ (ထိုအချိန်က ရခိုင်တောင်တန်း) နယ်မှ ကိုယ်စားလှယ်များ ချင်းသမိုင်းတွင် ပထမဦးဆုံးအကြိမ်ပါဝင်လာမှု အထူးအလေးပေးဖော်ပြခဲ့သည်။
ပလက်ဝနယ်မှလူတစ်ဦးသည် ခြေကျင်ခရီးဖြင့် ဖလမ်းသို့အရောက်လျှောက်လာခဲ့သည်။ ထိုနည်းတူစွာပင် ကန်ပက်လက်၊ တီးတိန်၊ ဟားခါးနှင့် မတူပီတို့မှလည်း လာရောက်ကြသည်ပင်ဖြစ်သည်။ ဟားခါးနယ်ဝန်ထောက်မှလည်း တိုက်သူကြီးများ အားတက်ရောက်ရန် အမိန့်ပေးခဲ့သည်။ ဖလမ်းနယ်မှတိုက်သူကြီးများမှလည်း ရွာသားများအား ညီလာခံသို့အတင်းတက် ရောက်စေခဲ့သည်။ လူထုတစ်ချို့မှာမူ နိုင်ငံရေးအသိအမြင်ကြောင့် ညီလာခံသို့တက်ရောက်လာခြင်းမျိုးမဟုတ်ဘဲ ပြည်ထောင်စုသမ္မတစပ်ရွှေသိုက်၊ ချင်းရေးရာဝန်ကြီးဦးဝမ္မသူးမောင်းနှင့် နိုင်ငံတော်အကြီးအကဲများအား တွေဆုံချင်ကြ သောကြောင့်ဖြစ်သည်။
ဖလမ်းမြို့လူထုအစည်အဝေးမှဆုံးဖြတ်ချက်
ဖေဖော်ဝါရီ (၂၀) ၁၉၄၈ ခုနှစ်တွင် ဖလမ်းမြို့၌ကျင်းပသော လူထု (၅၀၀၀) ကျော်တက်ရောက်သည့် အစည်းအဝေးတွင် အကြောင်းအရာများစွာ ဆွေးနွေးကြသည်။ (၂၀) ရက်နေ့အစီအစဉ်တွင် ပညာရေး၊ကျန်းမာရေးနှင့်သယ်ယူပို့ဆောင်ရေး အကြောင်းများဆွေးနွေးကြသည်။ ထိုသို့ဆွေနွေးရာ အစပထမတွင် အကြီးအကဲထဲမှကိုယ်စားလှယ်တစ်ဦး၊ လူထုမှကိုယ်စား လှယ်တစ်ဦးနှင့် တစ်နယ်မှနယ်ဝန်ထောက်တစ်ဦးစီသာ ပြောဆိုခွင့်သတ်မှတ်ထားသော်လည်း လူများစွာပါဝင်ဆွေးနွေးကြ တော့သည်။ ထို့နောက် လူများစောင့်ဆိုင်းနေကြသော အကြီးအကဲအုပ်ချုပ်ရေးစနစ်အစားထိုးရန် တီးတိန်နယ်မှ ဦးထောင်းဇာကိုင်က အဆိုတင်သွင်းရာ ဖလမ်းမြို့မှ ဦးဆွမ်းမန်နှင့် ကန်ပက်လက်မှ ဦးထန်းမောင်းတို့က ထောက်ခံကြသည်။ အဆိုကို တက်ကြွစွာနှင့် အချိန်အတန်ကြာအောင်ဆွေးနွေးကြရာ၊ ကန့်ကွက်သူများရှိသဖြင့် အခမ်းအနားသဘာပတိက မဲခွဲရန်ဆုံးဖြတ်ခဲ့ကြသည်။ အဆိုကို ထောက်ခံမဲ (၅၀၀၀) နှင့်ကန့်ကွက်သူ (၁၇) ဖြင့် အတည်ပြုခဲ့ကြသည်။
စုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ချင်းဝိသေသတိုင်းအက်ဥပဒေ
စုံစမ်းရေးကော်မရှင်သည် ဖလမ်းလူထုအစည်းအဝေးကြီးအပြီး ဖေဖော်ဝါရီ (၂၂) မှ (၂၆) ထိ စည်းရုံးရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ခဲ့ကြပြီး လူထုအများစုက တိုက်သူကြီးများအုပ်ချုပ်သည့်စနစ်ကို အစားထိုးရန် ဆန္ဒထုတ်ဖော်ခဲ့ကြ သော်လည်း ချင်းတောင်အခြေနေမှာ တင်းမာနေဆဲပင်ဖြစ်သည်။ ကော်မတီသည် အစိုးရဝန်ထမ်းများ၏အယူအဆကိုလည်း မေးမြန်းကြရတော့သည်။ ချင်းဝိသေသတိုင်းမှ နယ်ဝန်ထောက်များ၏ တရားဝင်အစည်းအဝေးကို ဖေဖော်ဝါရီ (၂၆) ရက်တွင်ကျင်းပကြရသည်။ ကော်မရှင်သည် ၎င်း၏အစီရင်ခံစာကို ၁၉၄၈ ခုနှစ်စက်တင်ဘာလ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံတော်ဝန်ကြီးများအဖွဲသို့ တိုက်သူကြီးများအားမနစ်နာစေရန် ပင်စင်ထောက်ပံ့ကြေးများပေးရန်၊ ရှေးခေတ်မှ အသုံးပြုသော ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးဖြင့်ပြောင်းလဲရန် တင်သွင်းခဲ့ကြသည်။
ထိုအစီရင်ခံစာသည် ချင်းတောင်တစ်ခွင်တွင်စုံစမ်းခြင်းပြုလုပ်သည့်အဖြေများဖြစ်သည်နှင့်အမျှ လူထုဆန္ဒကိုပေါ်လွင်စေသည်။ နိုင်ငံတော်အစိုးရမှလည်း အဆိုတင်သွင်းမှုများကိုထောက်ခံပြီး၊ ချင်းရေးရာကောင်စီက ၁၉၄၈ ခုနှစ်ချင်းဝိသေသတိုင်း (ဥပဒေများသက်ဆိုင်ခြင်း) အက်ဥပဒေကို ၁၂–၁၀–၁၉၄၈ ခုနှစ်တွင်ကျင်းပသည့် တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) ညီလာခံက အက်ဥပဒေအဖြစ် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ထိုညီလာခံတွင် ချင်းရေးရာကောင်စီမှရေးဆွဲထားသော “ချင်းဝိသေသတိုင်းအက်ဥပဒေ” ကိုလည်း အတည်ပြုခဲ့ကြသည်။ ဤအက်ဥပဒေအရ ၁၈၉၆ခုနှစ် ချင်းတောင်တန်း အက်ဥပဒေကိုဖျက်သိမ်းပြီး ချင်းလူမျိုးများကိုယ်တိုင်ရေးဆွဲသော ဥပဒေအားအသုံးပြုခဲ့ကြသည်။
ချင်းအမျိုးသားနေ့အတွက်ရက်ရွေးခြင်း၊ဆွေးနွေးခြင်းနှင့်အတည်ပြုခြင်း
ဦးဝမ္မသူးမောင်းခေါင်းဆောင်သော ချင်းရေးရာကောင်စီသည် အုပ်ချုပ်ရေးပြောင်းလဲခြင်းနှင့်အခြားလုပ်ငန်းများဖြင့် ၁၉၄၈–၄၉ အတွင်း လုံးပန်းကြိုးစားခဲ့ကြရသည်။ ချင်းလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် အရေးပါသောလူမျိုးဖြစ်သည့် အထိ်မ်းအမှတ်ကျင်းပရန် အရေးကြီးလိုအပ်သည်ကိုလည်း အသိအမှတ်ပြုလာကြသည်။
ချင်းရေးရာကောင်စီအစည်းအဝေး (၁၉၅၀ အောက်တိုဘာ ၉ ရက်နေ့) ၏ ဆုံးဖြတ်ချက်
၁၉၅၀ အောက်တိုဘာလ (၉) ရက်နေ့တွင်ကျင်းပသော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ချင်းအမျိုးသားနေ့မည့် သည့်အတွက်လိုအပ်ကြောင်းနှင့် ထိုနေ့ထူးနေ့မြတ်အတွက် ချင်းသမိုင်းတွင်အရေးကြီးသော ရက်တစ်ရက်ရွေးချယ်ခဲ့ကြ သည်။ ထို့ကြောင့် ဤအစည်းအဝေးမှဆုံးဖြတ်ချက်သည်သာလျင် ချင်းအမျိုးသားနေ့သမိုင်းအတွက် အရေးကြီးဆုံးအထောက် အထားဖြစ်သည်ဟု ယုံကြည်မိပါသည်။ ဤအစည်းအဝေးမှတ်တမ်းအား ရန်ကုန်မြို့၊ အမျိုးသားမော်ကွန်းဌာနရှိစာအမှတ် Acc-24084 တွင်ရရှိခဲ့ပြီး အစည်းအဝေးမှတ်တမ်းအတိုင်း ဖော်ပြသွားမည်ဖြစ်သည်။
အဆိုအမှတ် (၂) ။ ချင်းအမျိုးသားနေ့အဖြစ်ရွေးချယ်သတ်မှတ်ရန်ကိစ္စကို ဆွေးနွေး၍အတည်ပြုရန်။
ဦးဝမ္မသူးမောင်း (ချင်းရေးရာဝန်ကြီး၊ ကန်ပက်လက်နယ် အမတ်)။ ချင်းအမျိုးသားနေ့အဖြစ်သတ်မှတ်ရန်ဟူသောအဆိုကို တင်သွင်းရခြင်းမှာ အမျိုးသားနေ့ဆိုတဲ့အထိမ်းအမှတ်ကို ကမ္ဘာနှင့်အဝှမ်းသတ်မှတ်ကြတဲ့ ထုံးတမ်းစဉ်လာရှိတဲ့အတွက် ချင်းအမျိုးသားတွေမှာလည်း ချင်းအမျိုးသားနေ့ရှိသင့်တယ်လို့ ယူဆတဲ့အတွက် ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။
ဦးဆံနိမ်း (မတူပီနယ်အမတ်)။ ချင်းအမျိုးသားနေ့ဟုသတ်မှတ်ရန်အတွက် ဤအဆိုကို ထောက်ခံပါတယ်။
ဦးဝမ္မသူးမောင်း။ ချင်းအမျိုးသားနေ့သတ်မှတ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အနည်းငယ်ပြောလိုပါတယ်။ ဤကိစ္စနှင့်ပက်သက်၍ ချင်းဝိသေသတိုင်းမင်းကြီးအခြားပုဂ္ဂိုလ်များနှင့် နေ့သုံးနေ့ကိုမူတည်ပြီး ဆွေးနွေးခဲ့ဘူးပါတယ်။ အပြီးသတ်ဆုံးဖြတ်အတည်မပြုရသေးပါဘူး၊ အဲဒီနေ့သုံးနေ့ကတော့ ပထမ၊ မေမြို့ကို အင်ကွာရီကော်မတီစေလွှတ်တဲ့နေ့။ ဒုတိယ၊ Chief (ခေါ်) တိုက်သူကြီးတို့အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီအုပ်ချုပ်ရေးသစ်သို့ပြောင်းလဲခဲ့သည့် ဖလမ်းမြို့တွင်လူထုညီလာခံကျင်းပသော ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့။ တတိယ၊ ချင်းဝိသေသတိုင်းအက်ဥပဒေပြဌာန်းအတည်ပြုတဲ့နေ့။ ဤသုံးရက်အနက် မည်သည့်နေ့ကိုပြဌာန်းသင့်တယ်ဆိုတာ ဆွေးနွေးပြီးအတည်ပြုရန်ဖြစ်ပါတယ်။
ကပ္ပတိန်မန်းသုန်းနုန်း (တီးတိန်နယ် အမတ်)။ သဘာပတိကြီးခင်ဗျား၊ ဤအဆိုနှင့်ပက်သက်ပြီး ကျွန်တော်နည်းနည်း ဝေဖန်ချင်ပါတယ်။ ၁၉၄၆ ခုနှစ် မတ်လပင်လုံကွန်ဖရင့်၊ ၁၉၄၇ ခုနှစ်၊ ဇန္နဝါရီလကုန်ခါနီး ဖေဖော်ဝါရီလတွင် ဒုတိယပင်လုံ ကွန်ဖရင့်၊ ၁၉၄၇ ခုနှစ်မတ်လနှင့်ဧပြီလမှာ တောင်တန်းဒေသအင်ကွာရီကော်မရှင်မေမြို့အစရှိတဲ့ အဆိုရှင်အမတ်မင်း တင်သွင်းတဲ့အတိုင်းဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်မတ်လတွင် ကျင်းပခဲ့တဲ့ ပင်လုံကွန်ဖရင့်မှာ ပြည်ထောင်စုနှင့်တောင်တန်း ဒေသ၏အခြေအနေ၊ ဒုတိယ ပြည်မနှင့်အဆက်အသွယ်ပြုလုပ်ဖို့အတွက် ပြည်မမှာရှိတဲ့ခေါင်းဆောင်များနဲ့ တောင်တန်းဒေသ မှာရှိတဲ့နယ်အသီးသီးမှကိုယ်စားလှယ်တွေက ပြည်ထောင်စုထဲမှာပေါင်းဖို့သဘောတူပြီးနောက် ၁၉၄၇ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှာ ပြည်မရှိ လူထုကိုယ်စားလှယ်အားလုံးစုပေါင်းပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကိုဖွဲ့စည်းခဲ့ပါတယ်။ (၆) လတိုင်တိုင် လူထုကိုယ်စားလှယ် (၂၅၀) က ဆုံးဖြတ်တဲ့မူကို ဘိလပ်အစိုးရကလက်ခံအတည်ပြုပြီး ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ (၄) ရက်နေ့မှာ အချုပ်အချာအာဏာပိုင်တဲ့လွတ်လပ်ရေးကိုပေးခဲ့ပါတယ်။
လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်လာသည်နှင့်အမျှ တပြိုင်နက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၂၀) ရက်၊ နံနက် (၁၁) နာရီအချိန်မှာ ချင်းလူထုညီလာခံကို ဖလမ်းမြို့မှာကျင်းပခဲ့တဲ့အတွက်၊ အုပ်ချုပ်ရေးမူဟောင်းမှ ဒီမိုကရေစီမူ သစ်အုပ်ချုပ်ရေးသို့ပြောင်းလဲခဲ့တဲ့အတွက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်နေ့ နံနက် (၁၁) နာရီအချိန်ကို ချင်းအမျိုး သားနေ့အဖြစ်ပြဌာန်းသတ်မှတ်ရန် လေးလေးနက်နက်ထောက်ခံပါတယ်။
ဦးဆံနိမ်း။ ကပ္ပတိန်မန်းသုန်းနုန်းပြောတဲ့စကားထဲမှာ ကျွန်တော်ပြောလိုတာက ကျွန်တော်တို့ တောင်ပိုင်းချင်းတောင်မှာ ဖေဖော်ဝါရီလဆိုရင် စပါးရိတ်ချိန်ဖြစ်နေ၍ လူထုအများအားလပ်ရက်မရနိုင်သည့်အတွက် ဒီဇင်ဘာလလောက်တွင် သတ်မှတ်ပေးရန် ပြောလိုပါတယ်။
ဦးလျင်ထုမ်း (သဘာပတိ)။ ဦးဆံနိမ်းကကပ္ပတိန်မန်းသုန်း၏အဆိုကို ထောက်ခံပါသလား (သို့မဟုတ်) ကန့်ကွက်ပါသလား။
ဦးဆံနိမ်း။ ဒီဇင်ဘာလ (သို့) ဇန္နဝါရီလ (၂၅) ရက်နေ့တွင် သတ်မှတ်ပေးရန်ဖြစ်ပါတယ်။
ကပ္ပတိန်မန်းသုန်းနုန်း။ ကျွန်တော်ပြောနေတာက ဖေဖော်ဝါရီလ (၂၀) ရက်တိုင်းမှာ လူထုအစည်းအဝေးကျင်းပပြုလုပ်ရန်အတွက် ပြောဆိုထောက်ခံနေခြင်းမဟုတ်ပါ။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် ချင်းအမျိုးသားနေ့ဟူ၍သာ အထိမ်းအမှတ်သဘောနှင့် ရှိစေရန်အတွက် ထောက်ခံနေခြင်းဖြစ်ပါတယ်။
ဦးဆံနိမ်း။ ကျွန်တော်အဆိုကိုမကန့်ကွက်ပါ။
ကပ္ပတိန်မန်းသုန်းနုန်း။ မူလအဆိုတွင် (ချင်းအမျိုးသားနေ့) နောက်မှ (၁၉၄၈ ခု၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့) ဟု ထပ်မံဖြည့်စွတ်ရန် အဆိုတင်သွင်းပါတယ်။
ဦးလျင်ထုမ်း (သဘာပတိ)။ ပြင်ဆင်ချက်အဆိုကို ကောင်စီကသဘောတူပါသလား။
အမတ်အားလုံးသဘောတူသဖြင့် အောက်ပါအတိုင်းအဆိုကိုပြင်ဆင်၍ ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရွေးချယ်အတည်ပြုလိုက်သည်။
“ချင်းအမျိုးသားနေ့ကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အဖြစ် ရွေးချယ်သတ်မှတ်ရန်ကိစ္စကို ဆွေးနွေး၍အတည်ပြုရန်”
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်ကို ချင်းအမျိုးသားနေ့ဟူ၍ ချင်းရေးရာကောင်စီမှ ရွေးချယ်အတည်ပြုပါသည်။
ဤ ချင်းရေးရာကောင်စီအစည်းအဝေးမှတ်တမ်းသည် အရှင်းလင်းဆုံးနှင့် အခိုင်လုံဆုံး သက်သေအထောက်အထားဖြစ်သည်။ ဦးဝမ္မသူးမောင်း၏အကြောင်းပြချက်သည် ရှင်းလင်းသည်။ အဘယ်ကြောင့် ချင်းအမျိုးသားနေ့ရှိသင့်သနည်း။ ကမ္ဘာအနှံ့တွင် အမျိုးသားနေ့များရှိကြသည့်အစဉ်အလာရှိသောကြောင့် သူ့အနေနှင့် ချင်းလူမျိုးတို့သည်လည်း အမျိုးသားနေ့ရှိသင့်သည်ဟု ယူဆခြင်းကြောင့်ဖြစ်သည်။ ထိုနေ့အတွက် ချင်းသမိုင်းတွင်အရေးကြီးသည့် နေ့သုံးရက်ထဲမှ နေ့ရက်တစ်ရက်ဖြစ်သော ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၂၀) ရက်အား ရွေးချယ်ကြခြင်းဖြစ်သည်။ အဘယ်ကြောင့် ချင်းအမျိုးသားနေ့ရှိသင့်သည်ဆိုတဲ့အချက်နဲ့ အမျိုးသားနေ့အတွက် ရက်တစ်ရက်ရွေးချယ်သည့်အချက် ကွဲပြားခြားနားဖို့လိုပါတယ်။
နိဂုံး
ချင်းရေးရာကောင်စီအစည်းအဝေးမှတ်တမ်းသည် ချင်းအမျိုးသားနေ့သမိုင်းပြောကြားရာတွင် အခိုင်လုံဆုံး သက်သေ အထောက်အထားဖြစ်သည်။ ကမ္ဘာအနှံ့တွင် အမျိုးသားနေ့များရှိကြသည့်အစဉ်အလာရှိကြသည်။ ၎င်းတို့အမျိုးသား နေ့များတွင် လူမျိုးတစ်မျိုးဖြစ်ကြသည်၊ လူမျိုးတစ်မျိုးအဖြစ် တည်ရှိကြသည်ကို အထိမ်းအမှတ်ပွဲများဖြင့် ဆင်နွဲလေ့ရှိကြသည်။ ထိုနေ့ထူးနေ့မြတ်အတွက်ရွေးချယ်ကြသောနေ့နှင့် အကြောင်းအရင်းမှာမူ မတူကြပေ။ ဥပမာ – Norway, Denmark, India, Malta, Poland နှင့် Slovakia စသည့်နိုင်ငံများတွင် သူတို့နိုင်ငံနှင့်လူမျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေစတင်ရှိသည့်/သုံးစွဲသည့်နေ့ကို ၎င်းတို့၏ အမျိုးသားနေ့အဖြစ်သတ်မှတ်ကြသည်။
တစ်ချို့နိုင်ငံများသည် ကိုလိုနီလက်အောက်ခံဘဝမှ လွတ်လပ်ရေးရရှိသောနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်။ တစ်ချို့ နိုင်ငံသည်လည်း သူတို့နိုင်ငံဘုရင်မွေးနေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်။ ဤကဲ့သို့ ကမ္ဘာအနှံ့တွင် အမျိုးသားနေ့များရှိကြသကဲ့သို့ ကျွန်တော်တို့ချင်းလူမျိုးတို့သည်လည်း ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ လူမျိုးတစ်မျိုးအဖြစ် ထာဝစဉ်ရပ်တည်နိုင်ရေးအတွက် အမျိုးသားနေ့လိုအပ်ကြောင်း ချင်းရေးရာကောင်စီမ နားလည် လာခဲ့သည်။ ထိုနေ့အတွက် ချင်းသမိုင်းတွင် အရေးကြီးနေ့ထူးနေ့မြတ်ဖြစ်သော ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ချင်းရေးရာကောင်စီသည် ပြောင်းလဲနေသောကမ္ဘာကြီးနှင့်အတူ ရင်ဘောင်တန်း လျှောက်လှမ်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်သည်။
ချင်းအမျိုးသားနေ့နှင့် ချင်းအမျိုးသားနေ့အတွက် ရက်တစ်ရက်ရွေးချယ်ခြင်းဟာ မတူပါဘူး။ ဥပမာ – ရှေးခေတ်တုန်းက ချင်းတောင်မှာ မှတ်ပုံတင်ရှိဖို့မလိုပါ။ တောင်ယာလုပ်၊ အမဲလိုက်ရင်း ရိုးရိုးရှင်းရှင်းအသက်ရှင်ခဲ့ကြတယ်။ သို့သော် ပြောင်းလဲနေသောကမ္ဘာကြီးနှင့် ရင်ဘောင်တန်းပြောင်းလဲဖို့ဆိုရင် မှတ်ပုံတင်ရှိဖို့လိုအပ်လာတယ်။ မှတ်ပုံတင်ရှိမှ မည်သူမည်ဝါဖြစ်ကြောင်း (Identity) သက်သေပြနိုင်မယ်။ အိမ်ထောင်စုစာရင်းရှိလာမယ်။ အိမ်ဝယ်/လျှောက်လို့ရမယ်။ ခရီးသွားလို့ရမယ်။ ထို့ကြောင့် မှတ်ပုံတင်ပြုလုပ်ဖို့ မရှိမဖြစ်လိုအပ်လာတယ်။ သူများတွေလို မှတ်ပုံတင်ရှိဖို့လိုအပ်ကြောင်း နားလည်လာတယ်။ မှတ်ပုံတင်လုပ်ဖို့ မွေးသက္ကရာဇ်လိုလာတယ်။ သို့သော် မိမိ၏မွေးနေ့အတိအကျကိုမူ မသိကြချေ။ ထို့ကြောင့် မိမိဘဝ၏ အရေးကြီးသောရက်များအား ပြန်လည်သုံးသပ်ပြီး ထိုနေ့များထဲမှ နေ့တစ်နေ့ကိုရွေးချယ်ပြီး မှတ်ပုံတင်ရှိလာတယ်။ မြန်မာပြည်မှာ မိမိသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြနိုင်ပြီဖြစ်သည်။ ကျွန်တော်ဆိုလိုချင်တာက မှတ်ပုံတင်ရရှိရေး၊ မှတ်ပုံတင်ရရှိခြင်း၏ အကျိုးများသည် မိမိမွေးနေ့ရွေးချယ်ခြင်းထက် ပိုပြီးအရေးကြီးသည်။ ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးအားလုံးအတွက်ဖြစ်သည်။ ချင်းအမျိုးသားနေ့အားဖြင့် မိမိတို့ချင်းလူမျိုးများသည် ကမ္ဘာတွင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မိမိတို့၏သမိုင်းနှင့် ယဉ်ကျေးမှုများ ပြသခွင့်ရရှိကြတော့သည်။ အလွန်မွန်မြတ်သည့် နေ့ပင်ဖြစ်သည်။
ချင်းအမျိုးသားနေ့တိုင်း ရှေးခေတ်တိုက်သူကြီးစနစ်အား ရှုတ်ချပြောဆိုမှုများ၊ တိုက်သူကြီးများအား ဝေဖန်ပြောဆိုမှုများ မပြုလုပ်ရန် အရေးကြီးသည်။ တိုက်သူကြီးများသည် ချင်းတောင်တန်းအတွက် လယ်မြေခွဲဝေရာတွင်၎င်း၊ အခွန်ကောက်ခံရာ တွင်၎င်း၊ ယဉ်ကျေးမှုနှင့်ထုံးတမ်းစဉ်လာများတွင်လည်း သူတို့ခေတ်နှင့်လျှော်ညီစွာ အကောင်းဆုံးစဉ်းစားတွေးခေါ်ကာ အုပ်ချုပ်ခဲ့ကြသူများဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ချင်းပြည်၏အနာဂတ်ခရီးအတွက် အင်္ဂလိပ်၊ ဗမာနှင့် အခြား တိုင်းရင်းသားများနှင့် အားကြိုးမာန်တက်ဆွေးနွေးခဲ့ကြသည်။ ချင်းပြည်ကြီးအတွက် အကောင်းဆုံးအားရွေးချယ်ဆုံး ဖြတ်ခဲ့ကြသည်။ သူတို့၏ ကြိုးပမ်းအားထုတ်မှုမရှိခဲ့လျှင် ကျွန်ုပ်တို့ချင်းတိုင်းရင်းသားတို့၏ရှေ့ခရီးသည် အဘယ်ပုံဖြစ်ပေါ် လာမည်ကို မခန့်မှန်းနိုင်ချေ။ သူတို့၏ကြိုးပမ်းမှုကြောင့် ချင်းလူမျိုးတို့သည် လွတ်လပ်သောလူမျိုးအဖြစ်သို့ရောက်ရှိခဲ့ပြီး၊ ယင်းမှတဆင့် ချင်းအမျိုးသားနေ့ပါ မွေးဖွားလာခဲ့ခြင်းဖြစ်ပေသည်။
၁၉၅၆ ခုနှစ်၊ ချင်းရေးရာဝန်ကြီး ဦးဇာဟဲလျန်လက်ထက်တွင် ချင်းရေးရာကောင်စီမှ ချင်းအမျိုးသားနေ့ကျင်းပသည့်နေ့ရက် ကို ပါလီမန်ကျင့်စဉ်နှင့်အညီ ဆွေးနွေးကြပြီးမှ ရက်ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူဦးဆောင်သော ချင်းရေးရာကောင်စီ သည်လည်း ချင်းအမျိုးသားနေ့အား ပယ်ဖျက်ခြင်းမဟုတ်ပေ။ ချင်းအမျိုးသားနေ့ကျင်းပသည့်နေ့ရက်အား ပြောင်းလဲခြင်းသာ ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် ဦးထန်လျန်းသည် ချင်းရေးရာဝန်ကြီးဖြစ်လာပြီး သူမဲဆွယ်ပေးခဲ့သည့်အတိုင်း ချင်းအမျိုုးသားနေ့ ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့သို့ ပြန်လည်သတ်မှတ်လိုက်သည်။ ထိုနောက် တော်လှန်ရေးကောင်စီတက်လာသောအခါ ချင်းအမျိုးသားနေ့အား ဝိသေသတိုင်းနေ့သို့ပြောင်းလဲရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
ချင်းအမျိုးသားနေ့အား လွတ်လပ်ရေးကာလ ချင်းအမျိုးသားခေါင်းဆောင်များဆုံးဖြတ်ကြသည့်အတိုင်းသာ ရှိသင့်သည်ဟု ယုံကြည်မိပါသည်။
နာမည်ပြောင်းခြင်း၊ မိမိတို့နိုင်ငံရေးဦးတည်ရာဘက်သို့ အမျိုးသားနေ့အားခေါ်ဆောင်ခြင်းများမပြုလုပ်ရန် အရေးကြီးသည်ဟု စာရေးသူယုံကြည်မိပါသည်။
ချင်းအမျိုးသားနေ့အား ပျော်ရွှင်စွာဆင်နွဲနိုင်ကြပါစေ။
References:
1.Documents from National Archive Department, Yangon.
2.Chin National Day by HrangtarNawnkhar. HrangtarNawnkhar conducted a thorough research on this topic. He quoted mostly from Yangon, National Archive Department, Chin Files at Historical Research Centre, Yangon le University Historical Research Center, Yangon.
3.U Vum Thu Maung speech published in the Falam Centenary Magazine.
4.U Vum Thu Maung Memoir written in 1964.
5. Private Archives.