(006SV)
ချင်းပြည်နယ်က ချင်းတော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲလွဲမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အခြေအနေများကို ကြားဝင်ညှိနှိုင်းကူညီပေးရန် အဆင်သင့်ရှိကြောင်း အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့မှာ ပြောကြားလိုက်သည်။
ယနေ့ ဧပြီလ ၂၄ ရက်တွင် ကျရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၏ တော်လှန်ရေး (၃) နှစ်ပြည့်အခမ်းအနားကို တက်ရောက်လာသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ကိုယ်စားလှယ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ ချင်းပြည်အနေအထားသည် ညီညွတ်ရေးအရ၊ တော်လှန်ရေးအရ စိုးရိမ်းစရာများ ရှိနေပြီး ယင်းအတွက် တော်လှန်ရေးကို မျက်နှာမူ၊ ချင်းပြည်ကို မျက်နှာမူ၊ ပြည်သူကို မျက်နှာမူ၍ မဖြစ်သင့်၊ မဖြစ်ထိုက်မှုများ မဖြစ်ကြရန် အဖက်ဖက်က သဘောထား ကြီးကြီးဖြင့် ဝိုင်းဝန်းထိမ်းသိမ်းရမည်ဟု NUCC မှ ဦးတိုးကျော်လှိုင် (ခ) ကိုတိုး က ပြောသည်။
“ဒီအတွက်ကြောင့်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီအနေနဲ့လည်း အဲဒီလို ညှိနှိုင်းမှုတွေမှာ လိုအပ်ခဲ့တယ်ဆိုရင် လိုအပ်တဲ့နေရာမှာ ဝင်ပြီးတော့ ကျနော်တို့ ညှိနှိုင်းကူညီပေးဖို့ အဆင်သင့် ရှိတယ်ဆိုတာကို ဒီကနေ့ CDF – မင်းတပ်ရဲ့ တော်လှန် ရေး ၃ နှစ်ပြည့်အခမ်းအနားကနေ ချင်းပြည်မှာ ရှိသော တော်လှန်ရေးအင်အားစုများ အားလုံးအပြင် တနိုင်ငံလုံးမှာ ရှိတဲ့ တော်လှန် ရေးအင်အားစုအသီးသီးကိုလည်းပဲ ဒီသတင်းစကားလေး ပါးချင်ပါတယ်” ဟု ဦးတိုးကျော်လှိုင်က ပြောသည်။
ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့လက်အောက်မှ တော်လှန်ရေးအင်အားစုများနှင့် ICNCC ၊ ချင်းညီနောင်မှ တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် အကွဲအပြဲဖြစ်ကာ နှစ်ဖက်အားပြိုင်မှုများ ရှိနေကြကြောင်း သိရသည်။
ထို့နောက် စစ်ရေးတွင်လည်း သက်ရောက်မှုများ ပိုမိုကြီးမားလာပြီး ချင်းတော်လှန်ရေးအင်အားစုများသည် မရာအရေးကိစ္စတွင် အချင်းချင်းကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ CNA ဦးဆောင်သည့် ချင်းကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် တီးတိန်မြို့ တွင် တိုက်ပွဲ မဖော်ရန်နှင့် လာဖော်ဆောင်ပါက ထိတွေ့တိုက်ပွဲဖြစ်နိုင်ကြောင်း PDF – Zoland ကလည်း ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစု ကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကောင်စီများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။