အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တာလပတ်များခြုံ၍ အရပ်ဝတ်များဝတ်ဆင်ကာ စစ်ဘေးဒုက္ခသည် ယောင်ဆောင်ပြီး မေလ ၂၁ ရက်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မင်းတပ်မြို့နယ် ဘူးကွန်းကျေးရွာအနီးတွင် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Mindat-CDF) ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် Mindat-CDF ဘက်မှ တစ်ဦးကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ စစ်သားတွေက တာလပတ်တွေခြုံထားတယ်၊ အရပ်ဝတ်နဲ့သေနတ်တွေနဲ့လာတယ်၊ တာလပတ်တွေခြုံထားတော့ ကျနော်တို့ဘက်က ကင်းသမားတွေက သတို့ကိုဒုက္ခတွေမှတ်နေတာ အနီးကပ်ရောက်တော့မှ ပစ်ခတ်တိုက်ခိုက်တာ ခံရတယ်၊ အဲဒီမှာတိုက်ပွဲဖြစ်တယ် လက်နက်ကြီးတွေသုံးတယ် မိုးရွာနေတော့ ကျနော်တို့ဘက်က နည်းနည်းလေး အခက်အခဲဖြစ်တယ် တူမီးသေနတ်တွေက အခက်အခဲပြသာနာဖြစ်တယ် အဲလိုမျိူးဆိုတော့ မနေ့ကတိုက်ပွဲမှာ ကျနော်တို့ ဘက်က တစ်ယောက်တော့ကျသွားတယ် ၉ ယောက်လောက်ဒဏ်ရာရသူရှိတယ်၊ သူတို့ဘက်ကတော့ ၃ ဦးလောက်ကျ တယ်’’ ဟု Mindat-CDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အင်အား ၁၀၀ နာပါးခန့်ရှိပြီး မွန်းလွဲပိုင်း ၂ နာရီခန့်မှ ညနေပိုင်း ၆ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၎င်းကဆက်ပြောသည်။
ယနေ့မေလ ၂၂ ရက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီက ဘူးကွန်းကျေးရွာဘက်သို့ စစ်အင်အားထပ်မံဖြည့်တင်းလာ ပြီး မင်းတပ်မြို့၏ အရှေ့မြောက်ဘက်ခြမ်း ထင်ချောင်းအပေါ်နားတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော် တက်လာသည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာဖွယ်ရှိသူသိရသည်။
ဘူးကွန်းကျေးရွာသည် မင်းတပ်နှင့် ကန်ပက်လက်မြို့အကြား ချီချောင်းဒေသတွင်တည်ရှိသည့်ကျေးရွာဖြစ်ပြီး ဘူးကွန်းရွာ အနီး မတပ်ရွာတွင် စစ်ဘေးရှောင်စခန်းရှိသည်ဟု သိရသည်။