ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့နံနက်ပိုင်းက ဝင်ရောက်လာကာ စပါးကျီ တိုက်ကို မီးရသွားခဲ့ကြပြီး လူနေအိမ်များမီးမကူးစက်မီ ရွာသားများက အချိန်မှီငြိမ်းသတ်နိုင်ခဲ့ကြသည်ဟု သံဖိုကျေးရွာ သားတစ်ဦးကပြောသည်။
“စကစဘက်က ခြေကျင်နဲ့လာကြတယ် တစ်ရွာလုံးကိုမွှေမယ်လို့ သတင်းရကြတယ်လေ အဲလိုကြားတဲ့အချိန်မှာ ကျနော်တို့ပြေးကြတာပေါ့ အဲဒီချိန်မှာ သူတို့က မမွှေဘူး ဒါပေမယ့် မီးရှို့သွားတာ သူတို့ရပြီး တအားလောင်နေပြီဆိုတဲ့ အချိန်မှာ သူတို့ကပြန်သွားကြတာ သေနတ်တွေလည်းဖောက်ကြတာပေါ့ သူတို့ပြန်ပြန်ချင်းကျနော်တို့ကလည်း လူငယ် တွေစုပြီးမှ မီးငြိမ်းကြတာ” ဟု သံဖိုဒေသခံကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဖိုကျေးရွာမှ ၁ မိုင်ကျော်ကျော်ခန့်ဝေးသော ရန်ကြီးအောင်ကျေးရွာတွင်တပ်စွဲထား ပြီး သံဖိုကျေးရွာသို့အချိန်မရွေးပြန်လာနိုင်သည့်အတွက် တစ်ရွာလုံးနီးပါးသည်လည်း တောထဲသို့ထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု သိရသည်။
“ကလေးတွေ၊ မိန်းမတွေ၊ လူငယ်တွေရော လူကြီးတွေရောတိမ်းရှောင်ကြတယ် တောထဲမှာဘဲ ပုန်းကြတယ် မပြန်ရဲကြဘူး စကစဘက်က အချိန်မရွေးပြန်လာနိုင်လို့လေ” ဟု သံဖိုကျေးရွာဒေသခံကပြောသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့နယ် တောင်ပိုင်း နတ်ချောင်းကျေးရွာဘက်တွင် ခရစ္စမတ်နေ့မတိုင်ခင်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ကာ လေကြောင်းအသုံးပြုပစ်ခတ်မှုများလည်းလုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူအနည်းဆုံး ၉ ဦးကိုလည်း စစ်ကောင်စီကသတ်ဖြတ်ခဲ့သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့သည်။
ဒီဇင်ဘာလ ၂၆ ရက်ညနေပိုင်းကစ၍ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ပစ်ခတ်မှုဖြစ်ပွား ကာ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် အကြိမ်ကြိမ်ပစ်ခတ်မှုရှိခဲ့သည်။
သံဖိုကျေးရွာသည် ကလေးမြို့မှ ၂၂ မိုင်ခန့်ဝေးပြီး နတ်ချောင်းကျေးရွာနှင့် ၉ မိုင်ခန့်ကွာဝေးသည်။