ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများ၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မြို့ဝင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် CDF-Mindat တို့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ရဲတပ်သား ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။
ယင်းထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲနှင့်မသက်ဆိုင်သော အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့သည်ဟု CDF-Mindat က ဆိုသည်။
အထိနာနေသော စစ်ကောင်စီတပ်သားများသည် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် မီးရှို့ခံထားရသော နေအိမ်အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း CDF-Mindat က သတင်းထုတ်ပြန်သည်။