မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ချင်းလူမျိုး ၁၀၈ ဦးကျော် သေဆုံးမှုရှိပြီဟု ချင်းရေးရာအဖွဲ့ချုပ်က သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသေဆုံးသူများမှာ အရပ်သား (၅၇) ဦး၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် (၅၁) ဦး၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၁၄) ဦး၊ အမျိုးသမီး (၇) ဦးတို့ သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီက အလောင်းဖျောက်ပြီး မိသားစုဝင်များကို ပြန်မပေးပဲ လူ့ဂုဏ်သိက္ခာနှင့်အညီ ချင်းရိုးရာဓလေ့ထုံးတမ်း၊ ခရစ်ယာန်ဓလေ့ထုံးတမ်းများနှင့်အညီ သဂြိုလ်ခွင့်မရခဲ့သော အရပ်သား (၇) ယောက်ရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ယင်းထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် အပြစ်မဲ့ပြည်သူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ ချင်းတိုင်းရင်းသားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်များအပေါ် ချင်းရေးရာအဖွဲ့ချုပ်၏ စောင့်ကြည့်လုပ်ဆောင်နေမှုကို ချင်းရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူကတစ်ဦးက အခုလိုပြောသည်။
“ကျမတို့အဖွဲ့အစည်းကလည်း ချင်းလူမျိုး၊ ချင်းရေးရာအဖွဲ့ချုပ်ဆိုတော့ အဓိက မြန်မာနိုင်ငံမှာ ရှိနေတဲ့ချင်းလူမျိုးတွေအပေါ်မှာ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေး၊ လူမှုရေး အကုန်လုံးအပေါ် လေ့လာစောင့်ကြည့်တာပေါ့၊ လောလောဆယ်က စစ်အာဏာရှင်အောက်မှာဆိုတော့ လူ့အခွင့်အရေးချိုး ဖောက်မှုကို ပိုပြီးတော့ အသားပေးလုပ်တယ်၊ ချင်းပြည်နယ်မှာရော၊ မြန်မာနိုင်ငံမှာရှိတဲ့ ချင်းလူမျိုးတွေအပေါ်မှာရော စစ်တပ်ကနေ ကျုးလွန်တဲ့ချိုးဖောက်မှုတွေကို အကုန်းလုံးမှတ်တမ်းယူတယ်၊ မြေပြင်အခြေအနေတွေကို လေ့လာတာမျိုးပေါ့ အခုလောလောဆယ်ဆယ် ကျမတို့လုပ်နိုင်တာ ဒါပဲပေါ့” ဟုပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ခြင်းကြောင့် သေဆုံးမှုရှိသလို စစ်ကောင်စီတပ်ဖက်မှ ကျေးရွာလူနေအိမ်များအတွင်း လက်နက်ကြီး/ ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ မတရားဖမ်းဆီးမှုများနှင့် အကြောင်းမဲ့နှိပ်စက်ကွပ်မျက်မှုများ ကြောင့် အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးကြရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းရေးရာအဖွဲ့ချုပ်မှ ချင်းပြည်နယ်မှာ လူ့အခွင့်အရးချိုးဖောက်မှုကို နိုင်ငံတကာ မိတ်ဖက်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေပြီး နိုင်ငံတကာအသိုင်းအဝန်း (UN) အနေဖြင့် စစ်ကောင်စီရဲ့ ချင်းလူမျိုးတွေပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကို ထိရောက်စွာ အရေးယူလုပ်ဆောင်ပေးရန်၊ ပိုပြီးတော့မှ ကြားဝင်လုပ်ဆောင်ပေးရန် တောင်းဆိုထားမှုတွေရှိကြောင်းလည်း သိရသည်။