(006SV)
ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ တင်ဒါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များအနေဖြင့် ချက်ချင်းရပ်တန့်ရန် ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်သည်။
တားမြစ်ချက်ကို လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ထုတ်ပြန်လာခြင်းဖြစ်သည်။
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့သည် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီးဖြစ်သောကြောင့် ၎င်းတို့နှင့် ပူးပေါင်း၍ မည်သည့်လုပ်ငန်းမဆို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီသည် ၎င်းတို့အဖွဲ့အစည်း ရေရှည်တည်တံ့နိုင်ရေးအတွက် တင်ဒါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို ချင်းပြည်အစိုးရက သိရှိပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။