ချင်းပြည်နယ်၊ ဟားခါးမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်ရဲတစ်ဦးအား CDF-Hakha တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၂၄ ရက်နေ့တွင် CDF- Hakha ဖမ်းဆီးခဲ့သည့်ရဲမှာ နှစ်ပွင့် ဗိုလ် ရဲကျော်လင်းဦးဟု သိရပြီး ၎င်းအား စစ်ဆေးမေးမြန်းရာတွင် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုအခြေအနေ၊ နေပုံထိုင်ပုံများ၊ လိုအပ်သည့် သတင်းအချက်အလက်များရရှိနိုင်ခဲ့ကြောင်း CDF- Hakha ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
နှစ်ပွင့် ဗိုလ် ရဲကျော်လင်းဦး ဆိုသူမှာ စစ်ကောင်စီအာဏာသိမ်းခါစအချိန်တွင် ဆန္ဒထုတ်ဖော်ကြသူများအား ထောက်လှန်းကာ ဆန္ဒပြသူများအား မိုင်းဖြင့် ဖောက်ခွဲပစ်မည်ဟုဆိုကာ ပြည်သူများအား အမြဲချိန်းခြောက်ခဲ့သူဟု သိရသည်။
ယခုလအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများ ပြည်သူထံ အလင်းဝင်ရောက်လာကြသလို CDF-Hakh မှ ဖမ်းဆီးလျက်ရှိနေသည်။
ပြည်သူများအပေါ် မတရားအာဏာသိမ်းစစ်ကောင်စီနှင့်အပေါင်းအပါများအား ဖမ်းဆီးခြင်းနှင့်ပါတ်သက်၍ “ ကျွန်တော်တို့ ရန်သူမှန်သမျှကိုတော့ လုပ်နိုင်သမျှလုပ်ဖို့ပါပဲ။ နောက်ပြီး ဟားခါးမြို့ေပါ်မှာဆို ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ ရန်သူရှိတဲ့နေရာတွေကိုလဲ တခုပြီးတခု လုပ်သွားဖို့ရှိပါတယ်” ဟု CDF-Hakah မှ တာဝန်ရှိသူတစ်ဦးက ခိုနူမ်းစုန်ကို ပြောခဲ့ပြီး ဖြစ်သည်။
မတ်လ ၁၀ ရက်နေ့တွင်လည်း ပြည်နယ် နတလရုံးတွင် လုံခြုံရေးယူေနသော စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်အပါအဝင် ရဲ ၅ ဦးအား ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။
အလားတူ မတ်လ ၉ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် အဝတ်ဖြင့် ဟားခါးမြို့ထဲ သွားလာနေသော စစ်ကောင်စီတပ်သား ၂ ဦးအား ပစ်ခတ်မှုတစ်စုံတစ်ရာမပြုလုပ်ဘဲ CDF-Hakha က ဖမ်းဆီးခဲ့သည်။