စစ်ရေးအခြေအနေတင်းမာနေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးဗျူဟာတွေပြောင်းလဲလာပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုအသုံးပြုလာကာ လေကြောင်းတိုက်ခိုက်မှုကိုလည်း ပိုမိုအသုံးပြုလာနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောဆိုပါတယ်။
ချင်းပြည်နယ်တစ်ဝှမ်းလုံးအခြေအနေကို ခြုံကြည့်မယ်ဆိုရင် အရင်နှစ်ထက် ဒီနှစ်မှာ စစ်ကောင်စီက ထိုးစစ်ဆင်မှုနည်းလာပေမဲ့ စစ်ရေးဗျူဟာပြောင်းလဲလာပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ များလာတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“မနှစ်ကထက်စာရင် ချင်းပြည်နယ်တစ်ခုလုံးမှာ တိုက်ပွဲကလျှော့လာ တယ်လို့ ပြောလို့ရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းမှာတော့ ဒီနှစ်မှာ မြောက်ပိုင်းထက် စစ်ဆင်ရေးလျှော့တယ်။ အရင်နှစ်တွေဆိုရင် တောင်ပိုင်းတက်လာပြီ၊ မြောက်ပိုင်းတက်လာပြီ၊ မတူပီဗျူဟာကို အလုံးအရင်းတက်လာတယ်။ ဟားခါးဗျူဟာကို တစ်ကြိမ်တစ်ခါတည်းနဲ့ တက်လာတယ်။ ဒီနှစ်ထဲမှာတော့ အဲလိုအနေထားမဟုတ်ဘူး။ အဲဓိကတော့ မြောက်ပိုင်းကို အဓိက ဦးတည်တယ်။ ခြုံပြောမယ်ဆိုရင် သူတို့ဘက်က တိုက်ပွဲအရှိန်က လျှော့လာတယ်။ သူတို့ဘက်က အင်အားပိုနည်းသွား သလားမသိဘူးပေါ့။ ပြီးတော့ သူတို့က လက်နက်ကြီးပဲ ပိုပြီးတော့သုံး လာတယ်။ အစကတော့ အဲလိုမဟုတ်ဘူး။ ကျနော်တို့က အနီးကပ်နဲ့ ပေ ၂၀၊ ၂၅ ပေ အဲလိုနဲ့ချတာကိုး။ အခုက အဲလိုအနေအထားမရောက်နိုင်တော့ဘူး။ လက်နက်ကြီးက ပိုသုံးလာတယ်။ သို့သော် ပွင့်လင်းရာသီရောက်ပြီဆိုတော့ သူတို့က ဂျက်ဖိုက်တာတွေပေါ့နော် လုပ်လေ့ရှိတယ်။ ပြီးခဲ့တဲ့အဂါနေ့ကပဲ ကင်းထောက်လေယာဉ် ကျနော်တို့အပေါ်ကို လာဝိုက်တာပေါ့နော်။ လေယာဉ်က ပိုပြီးတော့အသုံးပြုလာနိုင်တဲ့အလားအလာတော့ရှိတာပေါ့။ မြေပြင်ကနေ သူတို့က အင်အားလျှော့သွားသလားပေါ့နော်။ အဲလိုပြောလို့ရ ပါတယ်။” ဟု ပူးထက်နီကပြောသည်။
စစ်ကောင်စီရဲ့ကင်းထောက်လေယာဉ်တစ်စင်းက ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ် ဝိတိုရိယစခန်းအနီးမှာ နိုဝင်ဘာလ ၂ ရက်နေ့က ကင်းထောက်ပျံဝဲခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီတပ်ဖွဲ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် CNF ဌာနချုပ်ဘက်ကို ကင်းလှည့်ပျံသန်းလာတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်ပျံဝဲလာပြီးနောက် ချင်းအမျိုးသာတပ်ဦး/တပ်မတော် CNF/CNA ဌာနချုပ်ဖြစ်သော Camp Victoria ကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသော စစ်ကောင်စီ၏ စရင်းဓာတ်ပုံများ လူမှုကွန်ရက်မှတစ်ဆင့် ပေါက်ကြားလာခဲ့သည်။
ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့တိုက်လေယာဉ်တွေ မကြာခဏပျံဝဲလာပြီး နိုဝင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ ဟားခါး-ထန်တလန်ကြား သီမစ်လွင်ပြင်အနီးမှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ချင်းအမျိုးသားတပ်ဦးပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့အတွက် CNF အနေနဲ့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဗဟိုဌာနချုပ်အထိ လေယာဉ်တွေလာတယ်ဆိုတော့ ကျနော်တို့ကတော့ အကောင်းဆုံးတော့ပြင်ဆင်ထားတာပေါ့။ သူတို့လာရင် တော့ လာပစ်မှာပဲ။ ဒါပေမဲ့ ကျနော်တို့မှာ ဘယ်လိုအကောင်းဆုံး ကာကွယ်ရမလဲဆိုတာ ကြိုပြီးတော့ ပြင်ဆင်ထားတာပေါ့နော်။ ကျနော်တို့ချင်းတောင်ပထဝီနယ်မြေက လေယာဉ်သုံးရင် အသေအပျောက်ကနည်းတာပဲ။ လေယာဉ်တွေသုံးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ အသေအပျောက်များမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့အနေနဲ့လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။”
ချင်းပြည်နယ်မှာ အခုလက်ရှိအနေအထားလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး ဟားခါး-ထန်တလန်ကြား သီမစ်လွင်ပြင်အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။