နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသော ZCD ပါတီ အထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်အစား ချင်းပြည်နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဒေါက်တာမှုထန်ကို အစားထိုးခန့် အပ်လိုက်သည်ဟု ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။
စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်ရာတွင် ပူးဂင်ကမ်းလျန်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ ခန့်အပ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ကြိုတင်သိရှိမှုမရှိဘဲ လက်ခံမည် လက်မခံမည်ကို ပြောဆို၍မရကြောင်း ပူးဂင်ကမ်းလျန်က ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်လာခြင်းဖြစ်သည်။
ထန်တလန်မြို့နယ်ဇာတိဖြစ်သည့် ဒေါက်တာမှုထန်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ချင်းပြည်နယ်ထန်တလန်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခံရသူဖြစ်သည်။
ဒေါက်တာမှုထန်၏ ဇာတိ ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှိုမှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရပြီး ဒေသခံပြည်သူအားလုံးမှာလည်း မြို့ကိုစွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ယခုကိစ္စနဲ့ပတ်သက်၍ ဒေါက်တာမှုထန်အနေဖြင့် လက်ခံခြင်းရှိ/မရှိကိုမူ ခိုနူမ်းသုန်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။