(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ဆေးရုံ၊ ကျောင်းနှင့် ရုံးဌာနအားလုံးကို ဩဂုတ် ၂၁ ရက်ကစတင်၍ ပိတ်ထားရန် စစ်ကောင်စီ က ညွှန်ကြားပြီးနောက် ရုံးဌာနတွေ အားလုံး မလည်ပတ်တော့ကြောင်း မင်းတပ်ဒေသခံနှင့် တော်လှန်ရေးအင်အားစုထံမှ သိရသည်။
“မနေ့က စပြီးတော့မှ ဆေးရုံးတွေ၊ စာသင်ကျောင်းတွေရော အကုန်လုံး ပိတ်သွားကြတယ်။ ကလေးတွေလည်း ကျောင်း မတက်ကြရဘူး။ ဒီနေ့အထိတော့ ပိတ်ထားတယ်။ ဆက်ပြီး ပိတ်မလားဆိုတာတော့ နောက်ဘယ်လိုဖြစ်လာမလဲဆိုတာ မသိသေးဘူး။ ထ ၁ နဲ့ ထ ၃ ကျောင်းရယ်၊ ၃ ကျောင်းဖွင့်နေတာကိုလည်း အကုန်လုံးပိတ်သွားပါတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။
ယနေ့တွင် မြို့ပေါ်နှင့်အနီးဝန်းကျင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဈေးရောင်းခြင်း၊ လက်ဖက်ရည်ဆိုင်ဖွင့်ခြင်းစသဖြင့် ပြည်သူ များ ပုံမှန်သွားလာနေကြသော်လည်း မင်းတပ်ဆေးရုံမှာ ပိတ်ထား၍ လူနာနှင့် ကိုယ်ဝန်ဆောင်များ အခက်အခဲဖြစ်နေသည်ဟု မင်းတပ်ဒေသခံက ပြောသည်။
“ဆေးရုံပိတ်တယ်ဆိုတော့ ပြည်သူတွေက ဆေးရုံထဲ ရောက်နေတဲ့ လူနာတွေ မီးဖွားမယ့် လူနာတွေ၊ ဆရာဝန်ကလည်း အထဲမှာပဲ ရှိတဲ့အခါမှာ တပ်ထဲမှာ ကြိုပို့ဖို့ ကားလည်း မရှိတော့ သူတို့ကလည်း မလာနိုင်ဘူး။ ဆေးရုံလူနာတွေကတော့ အခက်အခဲတွေ ကြုံတွေ့နေတာပေါ” ဟု မင်းတပ်ဒေသခံက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနအများစုမှာ မလည်ပတ်နိုင်ပဲ ပိတ်ထားရပြီး ပညာရေး၊ ကျန်းမာရေး၊ သစ်တောရုံး၊ ဆက်သွယ်ရေး စသဖြင့် ဌာနတချို့မှာ လည်ပတ်နေသော်လည်း ဩဂုတ် ၂၁ ရက်မှ စတင်၍ ပိတ်သွားခြင်း ဖြစ်သည်။
“မြို့ပေါ်မှာ စကစကပဲ ပိတ်ခိုင်းတာပါ။ ဟိုနေ့က မြို့ပေါ် ဆေးရုံမှာ ကား ၃ စီးရှိတဲ့အထဲက တစ်စီးကို CDF လူငယ်တွေက ဒါဟာ ပြည်သူပိုင်ပစ္စည်းဆိုပြီးတော့မှ သွားယူတယ်။ သူတို့ အခိုင်အမာတပ်စွဲထားတဲ့ မြို့ထဲက ကားကိုမှ တော်လှန်ရေး လူငယ်တွေက ယူသွားနိုင်တော့ သူတို့ ဒေါသထွက်တာရော၊ စိတ်ဆိုးတာရော အဲဒါကြောင့် ကျောင်းတွေ၊ ရုံးတွေ ပိတ်ပေါ့။ မင်းတို့ကို လုံခြုံရေး မပေးတော့ဘူးပေါ့နော်။ တပ်တွေ လုံခြုံရေး ပြန်ရုတ်သိမ်းလိုက်တယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။
ဇူလိုင် ၃၀ ရက်က မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ရှိ သစ်တောရုံးအနီးတွင် စစ်ကောင်စီ ကင်းလှည့်ယာဉ်တစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က အနီးကပ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ခရိုင်ရဲမှူးအပါအဝင် တပ်သားတချို့ ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ထားသည်။