(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က ပြောသည်။
ဇွန်လ ၄ ရက် ည ၁၂ နာရီခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် -၁ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကိုယောမာန်က ပြောသည်။
“လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ စက်သေနတ်နဲ့ ပစ်တာရော တောက်လျှောက်လုပ်သွားတယ်လို့ သိရတယ်။ လက်ရှိက လူနေ အိမ်တော်တော်များများ ပျက်စီးတယ်။ သေဆုံးသူ ၁ ဦးရှိတယ်။ အမျိုးသားတစ်ယောက်သေဆုံးတယ်။ အမျိုးသမီးတစ်ယောက် လက်ကျိုးတာလား၊ လက်ပြတ်တာလား မသိဘူး။ အဲလိုဒဏ်ရာရတယ်” ဟု ကိုယောမာန်က ပြောသည်။
သေဆုံးသွာသူမှာ သက်ကြီးပိုင်းအမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးမှာ ဒဏ်ရာများပြင်းထန်ကြောင်း သိရသည်။
ကျေးရွာကို ဦးတည်၍ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် လူနေအိမ် ၃ လုံးပျက်စီးသွားကြောင်း CDF- မင်းတပ်၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။
တိုက်နယ် – ၁ ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက မီနစ် ၂၀ ခန့်အတွင်း ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးထံမှ သိရသည်။
စစ်ကောင်စီ၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းကျေးရွာမှ ဒေသခံအားလုံး အိုးအိမ်စွ့န်ခွာ၍ စစ်ဘေးရှောင်ပြေးနေရကြောင်း ကိုယောမာန်က ပြောသည်။
ယင်းကျေးရွာဘက်တွင် တိုက်ပွဲများမရှိသကဲ့သို့ အစည်းအဝေးများနှင့် တပ်ဖွဲ့များလည်းမရှိဘဲ ရွာလမ်းဆုံက အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုကျေးရွာသည် နေအိမ်များကို ပြန့်ကျဲတည်ဆောက်ထားကြပြီး ရွာငယ်ကလေးများကို စုစည်း၍ တည်ထားသော ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦးများ၊ ဆေးရုံ ဆေးခန်းများနှင့် အရပ်သားနေအိမ်များကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၄ ရက်က ထပ်မံသတိပေးထုတ်ပြန်သည်။
ထို့ကြောင့် စာသင်းကျောင်း၊ ဘာသာရေး အဆောက်အဦးများ၊ ဆေးရုံဆေးခန်းများနှင့် ကျေးရွာခန်းမဆောင်များတွင် လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပခြင်း လုံးဝမပြုလုပ်ရန်နှင့် ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများ ခိုင်ခန့်စွာ ဆောက်ထားကြရန် လူထုကို သတိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် မင်းတပ်မြို့နယ်တွင် ဧပြီလနှင့် မေလ အတွင်း လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် CDF- မင်းတပ် ရဲဘော် (၂) ဦး၊ အရပ်သား (၃) ဦး သေဆုံးပြီး ပြည်သူ ၃၁ ဦး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။
ဧပြီလအတွင်း မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဝမ္မသူဆေးရုံးအပါအဝင် ခရစ်ယာန်ဘုရား ကျောင်း ၂ လုံး၊ စာသင်ကျောင်း ၁ လုံးနှင့် လူနေအိမ် ၂၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။