Salai Vakok
မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် အလယ်တန်းကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားပြီး ကျောင်းသား/သူ ၁၀၀ ကျော်တက်နေသော ၎င်းကျောင်း ပြန်လည်ထူထောင်ရန် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရသည်။
“အဲဒီကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ တက်စရာကျောင်း မရှိတော့ဘူး။ အဲဒီကျောင်းဆောင်အကုန်လုံး ပျက်စီးသွားတယ်။ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်တာဆိုတော့ အဲဒီရွာနဲ့ ကျနော်နေတဲ့ နေရာနဲ့ မဝေးဘူး နီးတယ်။ အဲရွာ ဗုံးကြဲချိန် ကျနော်လည်း ထွက်ပြေးပြီး ပုန်းနေရတာပေါ့။ ကျောင်းဖွင့်တဲ့ ရက်ဆိုရင်တော့ အကုန်လုံးနီးပါး သေမှာ။ ကျောင်းပိတ်ရက်မို့ ကျနော်တို့ ကံကောင်းတယ်” လို့ မင်းတပ်မြို့နယ် စစ်ရှောင်စခန်းစီမံခန့်ခွဲ ရေးကော်မတီ တာဝန်ခံကိုလောရန်က ပြောသည်။
ဇူလိုင် ၈ ရက်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ရာ ကလေးငယ် တစ်ဦးနှင့် နို့တိုက်မိခင်တစ်ဦးအပါအဝင် အရပ်သား (၃) ဦး သေဆုံးပြီး တစ်ဦး ပြင်းဒဏ်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဝုမ်းခုန်ကျေးရွာတွင် တခြားကျေးရွာတွေက စစ်ဘေးရှောင်သူ (၄၀) ခန့်အပါအဝင် အရပ်သားပြည်သူ (၂၀၀) ခန့်ရှိပြီး စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ယနေ့အထိရွာကို ပြန်မလာရဲဘဲ ထိန့်လန့်ကြောက် ရွံ့နေကြသည်။ သေ ဆုံးသွားသော ပြည်သူ ၃ ဦး၏ အသုဘကိုလည်း ရွာပြင်မှာပဲ ကြောက်ရွံ့မှုတွေကြား လုပ်ရပြီး တောင်ယာ တဲတွေထဲ နေထိုင်ကြသည်ဟု သိရသည်။
အလယ်တန်းအထိ ဖွင့်လှစ်သင်ကြားနေသော ကျေးရွာစာသင်ကျောင်းမှာလည်း အများအပြား ထိခိုက်ပျက်စီးသွားပြီး နေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်ပျက်စီးသွားသည်ဟုသိရသည်။
ဝုမ်းခုန်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးသီး (၂) လုံး၊ အတွဲလိုက် ဗုံးသီး (၄) လုံး၊ ရော့ကတ်၊ ပွိုင့်ဖိုက်ကျည်များဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့ရှိ မလရ (၂၇၄) တပ်မှလည်း လက်နက်ကြီးဖြင့် (၄) ချက် ပစ်ခတ်ခဲ့သည်။
စစ်ရှောင်ပြည်သူများသည် ခက်ခဲစွာ ရပ်တည်နေရပြီး လူသာချင်းစာနာမှုအကူအညီများလိုအပ်နေကြောင်း၊ သယ် ယူပို့ဆောင်ရေး မလွယ်ကူမှုအတွက် ငွေကြေးထောက်ပံ့ရန် ကြိုးစားနေပြီး ကူညီထည့်ဝင်ပေးကြရန် လိုအပ်သည်ဟု မင်းတပ်စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။
ဇွန်လ ၂၈ ရက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသော လုပ်ခေးကျေးရွာကိုလည်း လူသားချင်စာနာမှု အကူအညီများပေးနိုင်ရန် ကြိုးစားနေကြောင်း၊ ၂၀၂၃ ခုနှစ် ၆ လတာအတွင်း စစ်ကောင်စီ စစ်ကြောင်း၊ လေကြောင်း၊ လက်နက်ကြီးတို့ကြောင့် ထိခိုက်နစ်နာခဲ့သော မင်းတပ်မြို့နယ်ထဲက ကျေးရွာများမှ စစ်ဘေးရှောင်များကို သိန်း ငါးရာကျော်ခန့် ကူညီပေးထာသည်ဟု မင်းတပ်စစ်ရှောင်ကော်မတီမှ သိရသည်။