(06SV)
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေ တစ်ပတ်နီးပါးကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ စစ်ကောင်စီက ၂၀ ခန့် သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“အခုတိုက်ပွဲမှာ ဇူလိုင် ၃ ရက်ကနေ ၈ ရက်ကြား တိုက်ပွဲအခြေအနေက ကျနော်တို့ဘက်က ၆ ဦး ဒဏ်ရာရရှိတယ်။ သူတို့ဘက်က ၂၀ ကျော်လောက် အထိအခိုက်ရှိတယ်။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံးရောက်တာက ၄၂ ယောက်ရှိတယ်လို့ သိရတယ်။ လက်ရှိမှာက သူတို့က နောက်ဆုံးရောက်ရှိလာတဲ့ စစ်ဆင်ရေးရှိတဲ့ နေရာကနေ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ ဟားခါးထိ ပြန်သလားတော့ မသိဘူး” လို့ ဆလိုင်းထက်နီက ပြောသည်။
မေလကုန်ပိုင်းမှ စ၍ ဟားခါးမှ ထန်တလန်ဘက်ကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းပိုင်းမှာ စစ်ရေးပြန်လည်လှုပ်ရှားရာမှ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ခြင်း၊ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်လာရောက် ဗုံးကြဲခြင်းပြုလုပ်ခဲ့သည်ဟု သိရသည်။
ဟားခါးမှ ထန်တလန်ဘက်ကို တပ်ရင်း ၅ ရင်းအသုံးပြု၍ စစ်ကြောင်း တစ်ကြောင်းလျှင် အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်း ထိုးလာခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီက ထိခိုက်ကျဆုံးများပါက ဟားခါးဘက်က စစ်ကူများထပ်ဖြည့်ကာ တိုက်သည်ဟု သိရသည်။
ထိုတိုက်ပွဲများမှ လက်နက် ၄ လက်နှင့် ကျည်ဆန်တစ်ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး အထိနာသော စစ်ကောင်စီတပ်များသည် စစ်ကြောင်းနှစ်ကြောင်း ပြန်လည်ပူးပေါင်းကာ တပ်ပြန်ဆုတ်သွားသည်ဟု CNA ပြောခွင့်ရက ပြောသည်။
“အဓိကက သူတို့ မီးရှို့ထားတဲ့ ထန်တလန်မြို့ပေါ်က အထိုင်စခန်း တပ်စခန်းကို အင်အားဖြည့်ချင်တာ ဖြစ်တယ်။ အဲဒီလို အင်အားဖြည့်မှတာ အဲဒီဘက်ကို နယ်မြေစိုးမိုးဖို့ တဖြည်းဖြည်းချင်း အဲဒီလိုမျိုးနဲ့ ချဲ့ထွင်လာမယ်လို့ မြင်တယ်။ သူတို့ရဲ့ ထန်တလန် စစ်ကောင်စီလက်ကျန်တွေကို အင်အားထည့်ဖြည့်ချင်လို့ ဒီလို စစ်ဆင်ရေးလုပ်လာတာ” ဟု CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီက သုံးသပ်သည်။
စစ်ကောင်စီသည် ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဟားခါမြို့မှ မေလကုန်ပိုင်းကတည်းက စစ်ကြောင်းထိုးလာရာ သီမြစ်လွင်ပြင်၊ လုံခါးတောင်အနီး တဝိုက်များတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များဖြင့် မကြခဏ တိုက်ပွဲပြင်းထန်ခဲ့ကြသည်။
မိုးရာသီတွင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာမည်ဟု ချင်းတော်လှန်ရေး အင်အားစုများက သုံးသပ်ကြသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု မကြာခဏ ခံနေရသော ချင်းပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။