စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကွန်းတောင်းရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့မှ မတ်လ ၂၅ ရက်နေ့က မီးရှို့ခဲ့ရာမှာ တရွာလုံးနီးပါး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။
တမူးမြို့မှ ၆ မိုင်ခန့်ကွာဝေးသော ကွန်းတောင်းရွာသစ် (ခေါ်) ချင်းရွာသည် အိမ်ခြေ ၂၉ လုံးသာရှိပြီး မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းကြောင့် လူနေအိမ်ခြေ ၂၄ လုံး ပြာကျသွားခဲ့သည်ဟု ကွန်းတောင်းရွာသစ်မှ ဒေသခံတစ်ဦးက ပြောသည်။
“ကိုယ်က ချွေးနှဲစာနဲ့ဆောက်ထားတဲ့အိမ်ကို အခုလို စစ်ကောင်စီက မီးဝင်တိုက်သွားတာ။ ကျွန်တော်တို့ကတော့ တော်တော်လေး စိတ်တော့ ထိခိုက်တာပေါ့။ ဒါပေမဲ့ ကျွန်တာ်တို့လည်း တတ်နိုင်တဲ့အကြောင်းရင်လည်း မရှိတော့ ဒီတိုင်းပဲ စိတ်ခံစားနေရုံကလွဲရင် ဘာမှ တတ်နိုင်တာမရှိဘူး။ တစ်ရွာလုံးကလည်း လုံးဝကို စိတ်မကောင်းဘူး၊ စစ်ကောင်စီက ဒီလောက် ရက်စက်ရလားပေါ့ တစ်ချို့ဆိုရင် တော်တော်လေးခံစားပြီးမှ ငိုနေကြတယ်” ဟု မီးရှို့ဖျက်စီးခံရသော အိမ်ရှင်တစ်ဦးက ပြောသည်။
ကွန်းတောင်းကျေးရွာအနီးတွင် ၂၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Tamu တပ်ဖွဲ့တို့ကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးသူနှင့် အထိခိုက်များသည့်အတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကွန်းတောင်းရွာသစ်ရှိ အရပ်သားပြည်သူများမှာ တိုက်ပွဲဖြစ်ပွားနေချိန် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာတွင် ဆက်လက်နေရာယူထားကြသည်ဟုလည်း သိရသည်။