(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ထင်ချောင်းကျေးရွာတွင် အသက် ၁၆ နှစ်အရွယ် ကျောင်းသား ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၂ ဦးကို စစ်တပ်စစ်ကြောင်းများက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယောဒေသ၊ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်ရင်း ၃၆၈ မှတဆင့် မင်းတပ်မြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် မေလ ၃၀ ရက်က ထင်ချောင်းကျေးရွာတွင် အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသား ၁ ဦးနှင့် အသက် ၆၀ ခန့်အရွယ် အမျိုးသား ၁ ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်ဖြတ်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြင်တချို့ထံမှ သိရသည်။
“သေနတ်နဲ့ ပစ်သတ်ခံရတာပါ။ ဘယ်အနားကို ဘယ်လိုပစ်တယ်၊၊ ဘယ်နှစ်ချက် ပစ်ထားတယ်ဆိုတာ မမြင်တွေ့ရသေးပါဘူး။ သူတို့ကို ရွာထိပ်မှာ သတ်ဖြတ်ထားတာ တွေ့ရတာပါ။ အလောင်းမရသေးပါဘူး။ စစ်သားတွေ ရှိနေကြတုန်းပါ” ဟု ချင်းတောင် ပိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။
ထင်းချောင်းကျေးရွာက ဒေသခံပြည်သူများ၏ နေအိမ် ၁၀ လုံးကျော်ကိုလည်း မီးရှို့ဖျက်စီးထားခြင်းကို တွေ့ရကြောင်း သိရသည်။
ဇွန်လ ၃ ရက် ည ၁၀ နာရီခန့်အချိန်ကလည်း မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာများကို စစ်တပ်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ပြီး Y – 12 တစ်စီးဖြင့် ၅ လုံးတွဲ ဗုံးတွေနှင့် ၈ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့ခံ HKL Mindat က ရေးသားဖော်ထားသည်။
မေလ ၂၉ ရက်မှ စတင်၍ မင်းတပ်မြို့နယ်ကို အင်အားတစ်ထောင်ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့သည် မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်အကွာမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ဘက်ကို အင်အားထောင်ချီဖြင့် တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်တပ်သည် ချင်းတောင်ပိုင်းမြို့များနှင့် ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြင်းထန်စွာ ပြုလုပ်နေကြောင်း သိရသည်။
ကျောက်ထုမှ စစ်တပ်စစ်ကြောင်းများသည် ကံကြီးကျေးရွာကို ကျော်လွန်၍ တောင့်ထက်နှင့် ရေရှင်ကျေးရွာ တို့မှတဆင့် မင်းတပ်မြို့နယ်ထဲကို ချဉ်းကပ်ဝင်ရောက်လာသကဲ့သို့ ထင်ချောင်းနှင့် ကြက်ဥတင်တို့မှ စစ်တပ် စစ်ကြောင်းများသည်လည်း မင်းတပ်- ကျောက်ထုကားလမ်းမဘက်သို့ ပြန်ရွေ့လျားလာနေကြောင်း စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ကံကြီးဘက်ကနေလည်း ရေရှင်တို့ ဘက်ကို ကျော်လာတယ်။ ကြက်ဥတင်ဘက်ကလည်း အဲဒီဘက်ကို ရွေ့လာတယ်။ အဲဒီတော့ စစ်ကြောင်း ၂ ကြောင်းခွပြီး မင်းတပ်ကို ဝင်တာပေါ့။ ဒါပေမယ့် သွားဆုံမှာက ကျောက်ထု – မင်းတပ်လမ်းမှာ ဆုံမယ်လို့ ထင်ပါတယ်။ ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပါတယ်။ နှစ်ဘက်စလုံး အထိအခိုက် အကျအဆုံး တွေ ရှိနေခဲ့ပါတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
လက်ရှိမှာ မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းမြို့များသည် ဖြတ်လေးဖြတ်ကို ပြုလုပ်ခံထားရပြီး လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း၊ လတ်တလောစာရင်းများအရ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၁၇,၀၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ချင်းတောင်ပိုင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
ချင်းတောင်ပိုင်းမြို့များကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေသကဲ့သို့ နေအိမ်များ၊ အဆောက်အဦးများလည်း ပျက်စီးမှု များပြားသည်ဟု CPU/ CPA နှင့် ဒေသခံတချို့ထံမှ သိရသည်။
Video-Hkl Mindat

