(002MG)
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ် မြို့မရပ်ကွက်တွင် ယနေ့မနက်ပိုင်း ၁၁ နာရီ၀န်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ သားအမိ ၂ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟုသိရသည်။
မြို့မရပ်ကွက်နှင့် စကောလမ်းရပ်ကွက်အစပ်နားက ချောင်းအနီးမှာပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ချောင်းထဲ ရေချိုးနေသော (၃) နှစ်အရွယ်ကလေးနှင့်မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
တီးတိန်မြို့ခံတစ်ဦးက “ချောင်းထဲမှာ ဝါးရုံရှိတယ် အဲ့နားမှာ ပေါက်ကွဲတာ၊ သူတို့ သားအမိ (၂) ယောက် ရေချိုးနေတဲ့ အချိန်ဆိုတော့ ကလေးအမေကဦးခေါင်းထိတယ် အခုနထိတော့ သတိမရသေးဘူး၊ (၂) ယောက်စလုံးကို ဆေးရုံပို့ထားတယ်” ဟု ပြောသည်။
ပေါက်ကွဲမူကြောင့် အနီးအနားက နေအိမ်အနည်းငယ်ပျက်စီးသွားသည်ဟုသိရကာ စစ်ကောင်စီတပ်ဖွဲ့ ၀င်များ ရောက်လာကာ စစ်ဆေးမူများပြုလုပ်ခဲ့ကြောင်း သိရသည်။