ချင်းပြည်နယ် တီးတိန်မြို့အနီး Sezang ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စကစတပ်သား အများအပြား သေဆုံးမှုရှိနိုင်သည်ဟု သိရသည်။
တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ အင်အား ၄၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာလ ၁၅ ရက်နေ့က Sezang ကျေးရွာအတွင်းရှိ စာသင်ကျောင်းတွင် ညအိပ်တပ်စွဲခဲ့ကြပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့နံနက်ပိုင်း ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် PDF Zoland နှင့် CDM Siyin ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF Zoland က သတင်းထုတ်ပြန်သည်။
နှစ်နာရီခန့်ကြာမြင့်သော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က အသေအပျောက်နှင့် ဒဏ်ရာရသူအများအပြားရှိနိုင်ပြီး Sezang ကျေးရွာမှ ဆုတ်ခွါသွားခဲ့ကြသည်ဟု PDF Zoland က ဆိုသည်။
အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။