(004SS)
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၅ ဦး ကျဆုံးကြောင်း PDF- Zoland က ထုတ်ပြန်သည်။
ယမန်နေ့ ဇွန်လ ၁၂ ရက် မနက်ပိုင်း ၆ နာရီခွဲအချိန်တွင် တီးတိန်မြို့ပြင်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိရာ ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိုးစစ်ဆင်လာပြီး အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး၊ RPG များဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဘက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် PDF-Zoland မှ ရဲဘော် ၄ ဦးနှင့် CNDF တပ်ဖွဲ့မှ ရဲဘော် ၁ ဦး စုစုပေါင်း ရဲဘော် ၅ ဦး ကျဆုံးခဲ့သည်ဟု PDF-Zoland က ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း ကျဆုံးသူများမှာ PDF Zoland မှ ထန်ဆောမ်းလျန်း၊ ဇမ်းပျမ်းတွောန်၊ ခိုင်ရှန်းဆွောန်းဆန်၊ ထန်ရှန်းစန်းမွောင်နှင့် CNDF မှ ထျန်းထောင်တို့ဖြစ်ကြကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီပစ်ခတ်လိုက်သောကြောင့် ဒေသခံတစ်ဦးမှာ ကျည်ဆံထိမှန်ကာ ဒါဏ်ရရရှိခဲ့ကြောင်း သိရသည်။
အလားတူ တီးတိန်မြို့နယ် ဖိုင်လင်ရွာသို့ စစ်ဘေးရှောင်ရာမှ နေအိမ်ကြည့်ရှု့ရန်ပြန်လာသော အမျိုးသမီးတစ်ဦး ဒေါ် ဒွန့်ခန့်ကျိန်အား စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ကာ လက်တစ်ဘက် ပြတ်ထွက်သွားကြောင်း သိရသည်။
ယနေ့မနက်ပိုင်းတွင်လည်း ဖိုင်လင်ကျေးရွာတွင် စစ်ကောင်စီက ဗုံးနှင့် လက်နက်ကြီးများ ပစ်ခတ်ကြောင်း သိရပြီ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။
လက်ရှိ တီးတိန်မြို့တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျှက်ရှိပြီး မြို့ပေါ်လူဦးရေအားလုံးနီးပါးမှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။