Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»တောင်ဇလပ်မြေက ဥပဒေမဲ့ တရားရင်ဆိုင်နေရသော ပြည်သူများ

တောင်ဇလပ်မြေက ဥပဒေမဲ့ တရားရင်ဆိုင်နေရသော ပြည်သူများ

0
By Editor on September 28, 2022 Featured

ရေး – Salai Vakok

ချင်းပြည်နယ်၊ ဟားခါးမြို့၏ အသင်းတော်ပိုင်းတွင် တက်တက်ကြွကြွလှုပ်ရှားနေသည့် ချင်းလူငယ်၊ အမျိုးသမီးအဆိုတော် Mercy Ngun Tha Chin ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ‘အများပြည်သူ ထိတ်လန့်စေရန်’ နှင့် ‘ရပ်ရွာအေးချမ်းသာယာမှုပျက်ပြားစေရန်’ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခဲ့ပြီး PDF များကို ထောက်ပံ့သော စာသားများအား စစ်ဆေးတွေ့ရှိသောကြောင့်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

Mercy Ngun ကို ဖမ်းဆီးခြင်းသည် ယခင်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြံအမှုဆင် ဖန်တီးခြင်းသာဖြစ်နိုင်ပြီး ဟားခါးမြို့တွင် ယခုကဲ့သို့ အဖမ်းခံရသူ များစွာရှိသည်ဟု ဒေသခံများက ပြောသည်။

“မြို့ပေါ်မှာ အဲလိုမျိုးစွပ်စွဲပြီး ဖမ်းခံရသူတွေ တော်တော်များနေပြီ။ အခု (ဟားခါး) အကျဉ်းထောင်မှာ မိန်းကလေးကော၊ ယောကျာ်းလေးကော တော်တော်များတယ်။ အဖမ်းခံရတဲ့တော်တော်များများက ကျနော်သိသလာက်ဆိုရင် လုံးဝကို အဖမ်းမခံသင်တဲ့ သူတွေပေါ့နော်။ လုံးဝ မဟုတ်ဘဲနဲ့ အဖမ်းခံရတဲ့သူတွေ တော်တော်များတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

ဟားခါးမြို့အကျဉ်းထောင်တွင် ဖမ်းဆီးခံရ၍ အမှုရင်ဆိုင်နေရသူ လက်ရှိ (၇၀) ခန့်ရှိနေပြီး အမျိုးသမီးငယ်များလည်း တရားစွဲခံရ၊ ထောင်ချခံထားရသည်။ စစ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်အထိ ဟားခါးတွင် ပုဒ်မမျိုးစုံတပ်၍ မသင်္ကာမှုဖြင့် အဖမ်းခံရသူ ၄၀၀-၅၀၀ ခန့်ရှိခဲ့ပြီး အများစုမှာ မဟုတ်၊ မမှန်ဘဲ ဖမ်းဆီးသောကြောင့် ပြန်လွှတ်ရသည်။

ချင်းပြည်နယ်တွင် ဟားခါးမြို့သည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် ထောင်ချခြင်းကို အများဆုံးခံရသော မြို့ဖြစ်သည်။ ဟားခါးလူထုသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နှင့် အကြမ်းဖက်မှု ပုဒ်မ အပါအဝင် ပုဒ်မမျိုးစုံဖြင့် အမှုဆင်ကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“အရင်ပတ်က နေ့တိုင်းလိုလိုပဲ ဖမ်းတာပဲ။ တစ်နေ့မှာ တစ်ခါတလေကြရင် ၁၀/၁၅ ယောက်အထိပေါ့။ တခါတလေတော့ မဖမ်းတာတွေ ရှိတယ်။ နေ့တိုင်း လမ်းဆုံလမ်းခွမှာ စစ်ဆေးတယ်။ ဆိုင်ကယ်တွေ စစ်တယ်၊ ဖုန်းတွေကို စစ်တယ်၊ တချို့တွေက အပြင်ထွက်ဖို့တောင်မှ တကယ်ပဲ မလိုအပ်ရင် အပြင်မထွက်ရဲကြဘူး” ဟု ဟားခါးမြို့ခံ ဆလိုင်းလျန် (အမည်လွှဲ) က ပြောသည်။

ဟားခါးမြို့တွင် အမှုရင်ဆိုင်နေရသူတချို့သည် စွဲဆိုထားသောပုဒ်မဖြင့် ကျူးလွန်ကြောင်း သက်သေမပြနိုင်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိဘဲ ရုံးချိန်းများ တက်ရလျက် လချီ အဖမ်းခံထားရသည်။ ထို့ပြင် ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးခံရသူတချို့သည် ရှေ့နေများ ငှားရမ်း၍ အမှုရင်ဆိုင်ကြသော်လည်း စစ်ကောင်စီ၏ တရားရုံးများတွင် ဥပဒေနှင့်အညီ ခုခံပိုင်ခွင့် ဆုံးရှုံးနေသည်။

အရပ်သားပြည်သူ ၉ ဦးကိုလည်း ဖမ်းဆီးပြီး ၅ လအကြာတွင် ဇူလိုင်လကုန်က ဟားခါးမြို့ စစ်ကောင်စီတရားရုံးသည် အကြမ်းဖက်မှု ဥပ‌ဒေ ပုဒ်မဖြင့် ၈ ဦးကို ထောင် ၅ နှစ်နှင့် ၁ ဦးကို ထောင် (၃) နှစ်ချမှတ်ခဲ့သည်။ ဇူလိုင်လကုန်က ဖမ်းဆီး ထောင်ချခံရသူ (၉) ဦးအနက် ထောင်ဒဏ် (၅) နှစ် ချမှတ်ခံရသူတစ်ဦးမှာ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးဖြစ်သည်။

၎င်းတို့သည် သာမန်အရပ်သားပြည်သူများဖြစ်သော်လည်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် ပတ်သက်မှုရှိသည်ဟု ဓါတ်ပုံသက်သေများ တွေ့သည်ဆိုကာ စစ်ကောင်စီက ဖမ်းဆီး၍ ထောင်ချခဲ့ခြင်းဖြစ်သည်။

ဟားခါးဒေသခံနှင့် ချင်းအရပ်ဖက်အဖွဲ့အစည်းတို့က အဆိုပါ (၉)ဦးသည် မတရားစွပ်စွဲ၊ ထောင်ဒဏ်ချမှတ်ခံရ ခြင်းဟု ဝေဖန်ကြသည်။

CBC ၏ ဥပဒေအထောက်အကူပြုအစီအစဉ်

ချင်းပြည်နယ်တွင် အကြီးဆုံးဘာသာရေးအဖွဲ့အစည်းဖြစ်သော ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) က ချင်းပြည်သူများအတွက် ဥပဒေအထောက်အကူပြုအစီအစဉ်ကို ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ၂၀၂၃ မတ်လအထိ လုပ်ဆောင်နေသည်။

လက်ရှိတွင် ဟားခါးနှင့် ကလေးအပါအဝင် ချင်းပြည်နယ်မြောက်ပိုင်းကို ဦးစားပေးဆောင်ရွက်နေပြီး ကျန်ခြောက်လကို ချင်းပြည်နယ်တောင်ပိုင်းကို ဦးစားပေးရန် စီစဉ်ထားသည်။ ချင်းပြည်နယ်သာမက မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းက ချင်းဒေသတခွင်ပါ အဆိုပါအစီအစဉ်တွင် အကြုံဝင်သည်။

အဆိုပါ အစီအစဉ်က ပြည်သူ (၆၀) ဝန်းကျင်ကို ဥပဒေအထောက်အကူ ဆောင်ရွက်ပေးနေပြီး ၅၀၅ (က) ပုဒ်မက အများ ဆုံးဖြစ်သည်။ CBC သည် အမှုသည်များကို မြို့နယ်အလိုက် ရှေ့နေကွန်ယက်များနှင့် ချိတ်ဆက်ပေးခြင်း၊ စာရွက်စာတမ်းကြေး ထောက်ပံ့ခြင်း စသဖြင့် ကူညီပေးသည်။

တချို့ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရမှုတွင် CBC ၏ သက်ဆိုင်ရာမြို့နယ်အလိုက် အကျိုးဆောင်ပါစတာက စွဲချက်မတင်မီ အာမခံနိုင်သောကြောင့် ပြန်လွှတ်ပေးနိုင်မှုများလည်း ရှိသည်။ သာဓကမှာ ဟားခါးတစ်မြို့နယ်တွင် ပြည်သူ ၄၀၀ ကျော်ခန့် ဖမ်းဆီးခံရပြီး ၄ပုံတွင် ၃ ပုံခန့်မှာ စစ်ဆေးပြီးနောက် အာမခံဖြင့် ပြန်လည်လွှတ်ခဲ့ကြောင်း CBC ဥပဒေအထောက်အကူပြုအစီအစဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအစီအစဉ်တွင် မြို့နယ်အလိုက် Paralegal များမှာ မြို့နယ်အများစုတွင် ပါစတာများက ဦးဆောင်ခြင်းဖြစ်သည်။

“ဆိုတော့ ပါစတာတွေက ဥပဒေအကြောင်းသိကောင်းစရာတွေ၊ သတိချပ်ရမဲ့ ကိစ္စလေးတွေ၊ ပြီးတော့ မိသားစုဝင်တွေအတွက် ကူညီဆောင်ရွက်တဲ့ ဆရာတော်တွေနဲ့ ရှေ့နေတွေနဲ့ ချိတ်ဆက် ဆောင်ရွက်တာတွေ၊ ကြားခံနယ်တစ်ဆင့် ဆောင်ရွက်ပေးတာဖြစ်ပါတယ်” ဟု အဆိုပါအစီအစဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအစီအစဉ်၏ တွေ့ရှိမှုတွင် ချင်းပြည်သူများ ဖမ်းဆီး၊ တရားစွဲဆိုခံရမှု၌ ဘာအမှုဖြင့် တရားစွဲသည်ကို မသိသောကြောင့် သက်ဆိုင်ရာ ရဲစခန်း၊ တရားရုံးများတွင် စုံစမ်းမေးမြန်းရခြင်းက အများဆုံးဖြစ်သည်။ ယင်းက ချင်းလူထုမှာ မြန်မာစကား မကျွမ်းကျင်ခြင်း၊ ဥပဒေပုဒ်မ အသိဗဟုသုတ အားနည်းခြင်းနှင့် အဖမ်းခံရသူမှာ မိသားစုနှင့် တွေ့ခွင့်မရခြင်းတို့ကြောင့် ဖြစ်သည်။

“စစ်အာဏာမသိမ်းမီက တရားစီရင်မှုနဲ့ စစ်အာဏာရှင်အောက်က တရားစီရင်မှုပိုင်းမှာတော့ ကွာခြားသွားတာ တွေကတော့ အများကြီးပေါ့လေ။ ကျွန်တော်တို့လည်း ကာလံ၊ ဒေသံနဲ့ ကိုက်ညီအောင် လှုပ်ရှားဆောင်ရွက်တတ်ဖို့တော့ အရေးကြီးပါတယ်” ဟု အဆိုပါပုဂ္ဂိလ်က ပြောသည်။

CBC ၏ စာရင်းအရ အာဏာသိမ်းပြီးချိန်မှ ဇွန်လကုန်အထိ ချင်းပြည်နယ် (၉) မြို့နယ်တွင် ၅၉၈ ဦး ဖမ်းခံရပြီး လက်ရှိ တရားစွဲခံရသူ ဟားခါးတွင် ၃၄ ဦး၊ မင်းတပ်တွင် ၄၀ ကျော် ရှိကာ ချင်းတစ်ပြည်နယ်လုံးတွင် အမှုရင်ဆိုင်နေရသူ ၁၅၀ ခန့် ရှိသည်။

တရားမဲ့သူတို့၏ တရားစွဲခံနေရသော ချင်းပြည်သူများ

သို့သော် ချင်းလူခွင့်အရေးအဖွဲ့ (CHRO) ၏ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး (၁၆) လအတွင်း ချင်းပြည်နယ်တွင် ဖမ်းဆီးခံရမှု ၁၀၅၆ ဦးရှိသည်။ ထိုစာရင်းက အနည်းဆုံး ၂၄ နာရီကျော် ဖမ်းဆီးထိန်းသိမ်းခံရသူများကို စာရင်းကောက်ခြင်းဖြစ်ပြီး အနည်းဆုံး ၃၀၀ မှ ၄၀၀ ကြားမှာ ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုခံရသည်ဟု CHRO မှ Salai Mang Hre Lian က ပြောသည်။

ချင်းပြည်နယ်တွင် ဖမ်းဆီးခံရမှု အများဆုံးမှာ ဟားခါး၊ ဒုတိယမှာ မင်းတပ်နှင့် တတိယမှာ မတူပီဖြစ်ပြီး ကလေးမြို့တွင်လည်း ချင်းလူမျိုး အများအပြား ဖမ်းဆီးခံရသည်။

ချင်းပြည်နယ်တွင် အစဦးပိုင်း၌ အာဏာသိမ်းမှုကို ဆန့်ကျင်၊ ဆန္ဒပြသော လူငယ်ခေါင်းဆောင်တွေကို အဓိက ဖမ်းဆီးသည်။ ပြီးလျှင် CDM လှုပ်ရှားမှု၏ ထင်ရှားသော ခေါင်းဆောင်များကို ဖမ်းဆီးသည်။ ထို့နောက် မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်းများကို ဖမ်းဝရမ်းထုတ်၍ စီးနင်းဖမ်းဆီးမှုတွေ လုပ်ခဲ့သည်။ ဆန္ဒပြမှုများမှာ အကြမ်းဖက်ဖြိုခွဲခံရ၍ တူမီးသေနတ်ဖြင့် စတင်တော်လှန်လာပြီးနောက် စစ်ကောင်စီသည် ခုခံတော်လှန်သူနှင့် အရပ်သားများကို ခွဲခြားမှု မရှိတော့ဘဲ ပုဒ်မမျိုးစုံတပ်၍ ဥပဒေမဲ့ ဖမ်းဆီး၊ စစ်ဆေးတော့သည်။

“အခုက အရင်တုန်းကအတိုင်းပဲ စကစရဲ့ စစ်အုပ်ချုပ်မှု အောက်မှာတော့ ဘာမှ ဥပဒေတွေ အာမခံချက် မရှိနိုင်တော့ ဘူးပေါ့နော်။ ဘယ်လိုပဲ အဖမ်းခံရပါစေ ပုဒ်မတပ်ပါစေ၊ တရားမျှတမှု နဲ့ အမှန်တရားကို ထွက်ဆိုနိုင်ခွင့် မရှိတော့ဘူး” ဟု CHRO မှ Salai Mang Hre Lian က ဆိုသည်။

ချင်းပြည်နယ်တွင် တရားစွဲခံရသူများသည် နာမည်ခံအဖြစ်သာ ရှေ့နေငှား၍ ခုခံပိုင်ခွင့်ရကြပြီး နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆိုခံရသူများကို ရှေ့နေလိုက်ပေးရန် ဒေသခံရှေ့နေများမှာ တွန့်ဆုတ်ကြသည်။

ဖမ်းဆီခံရသူနှင့် မိသားစု (သို့မဟုတ်) အကျိုးဆောင်/ရှေ့နေတို့မှာ တွေ့ဆုံခွင့်မရသောကြောင့် ဖမ်းဆီးမှု၏ ကြောင်းကျိုးကိစ္စများကို လုံးဝသိခွင့် မရမှုများ ရှိနေသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးစဉ် အချုပ်ခန်းအတွင်း သေဆုံးမှုမှာ (၅) ဦးခန့် ရှိပြီး (၄) ဦးခန့်မှာ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည်။ လက်ရှိ ချင်းပြည်နယ်တွင် တစ်သက်တစ်ကျွန်းထောင်ဒဏ်နှင့် သေဒဏ်အထိ ချမှတ်နိုင်သော အကြမ်းဖက်ပုဒ်မ ၅၄/၅၅ ဖြင့် တရားရင်ဆိုင်နေရသူ တစ်ဦးရှိသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းချိန်မှ ယခုလ ၂၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၁၂၅၀၀ ဦးရှိပြီး ၁၄၉၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ချင်းအဆိုတော် Mercy Ngun Tha Chin မှာ မြန်မာနိုင်ငံ၏ ထောင်သောင်းမကသော မတရားဖမ်းဆီးခံ အကျဉ်းသား/သူများထဲက တစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၏ တရားဥပဒေကင်းမဲ့သော တရားရုံးများတွင် ရာဂဏန်းရှိသော အကျဉ်းသားများနှင့်အတူ အမှုရင်ဆိုင်နေသည်။

ချင်းပြည်နယ်၏ လူအခွင့်အရေးကို လေ့လာစောင့်ကြည့်နေသော CHRO မှ Salai Mang Hre Lian ကတော့ …

“အခုကတော့ အကြပ်တည်းဆုံးအခြေအနေမှာ ကျွန်တာ်တို့ ရှိနေတယ်လို့ မြင်တယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.