By လားနွန် – ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ရှိ ဆေးရုံများ၌ ယနေ့ဇွန်လ ၂ ရက်နေ့တွင် ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိ ဒေသခံပြည်သူ ၉၈ ဦးစစ်ဆေးရာ ၃၃ ဦးထံ ကူးဗစ်ပိုးထပ်မံတွေ့ရှိသည်ဟုသိရသည်။
တွန်းဇံမြိုဆေးရုံတွင် ယနေ့ဇွန်လ ၂ ရက်နေ့၌ ကိုဗစ်ပိုးရှိမရှိစစ်ဆေးခံရသူ (၄၇) ဦးမှာ Positive (၂၁) ဦးထပ်မံတွေ့ရှိပြီး ကျီခါးမြို့တိုက်နယ်ဆေးရုံမှာလည်း စစ်ဆေးမှုခံယူသူ (၅၁) ဦးမှာ Positive (၁၂) ဦးထပ်မံတွေ့ရှိခြင်းဖြစ်သည်။
လက်ရှိတွင် အောက်ဆီဂျင်ပေးရန်မလိုအပ်သေးသူများကို ယခင်ကွာရန်တင်း center တွင် ကုသမှုပေးနေရပြီး တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်ကပြောသည်။
“အောက်ဆီဂျင်ပေးရတဲ့ အဆင့်ထိမရောက်တဲ့သူတွေတော့ အရင်ကွာရန်တင်း center မှာပဲထားလိုက်တယ် ပြီးတော့ အသက်ရှုကျပ်တဲ့သူတွေတော့ ဆေးရုံခေါ်ပြီးတော့ အောက်ဆီဂျင်ပေးကုသရတယ် ပျောက်ကင်းသွားတဲ့သူတော့မရှိသေးဘူး ရက်ကလည်းမပြည့်သေးတော့ မနက်ဖြန်လောက်ဆိုရင်တော့ ၂ ယောက် ၃ ယောက်လောက်တော့ထွက်မယ့်အခြေအနေရှိတဲ့သူတော့ရှိတယ် ဆုံးသွားတဲ့လူတော့ (၂) ယောက်ရှိတယ် ကျီခါးမှာ” ဟု ဒေါက်တာထန်ရှန်ကပြောသည်။
တွန်းဇံမြို့တွင် လက်ရှိအောက်ဆီဂျင်ပေးနေရသည့် ပိုးတွေ့လူနာ ၇ ဦးရှိကာ ကျီခါးမြို့တွင်လည်း ၁၀ ဦးအောက်ဆီဂျင်ပေးနေရပြီး ယင်းအနက် ၃ ဦးမှာအခြေအနေစိုးရိမ်ရကြောင်း ဒေါက်တာထန်ရှန်ထံမှ သိရသည်။
တွန်းဇံမြို့နယ်တွင် လက်ရှိ ကိုဗစ် Positive တွေ့ရှိလူ စုစုပေါင်း ၁၆၇ ရှိကာ တွန်းဇံမြို့တွင် ၈၃ ဦး ကျီခါးမြို့တွင် ၈၄ ရှိပြီး ၂ ဦးသေဆုံးမှုရှိသွားပြီဖြစ်သည်။