ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း CDF-Thantlang မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်ပိုင်းက ထန်တလန်မြို့ TBC ဘုရားကျောင်းဝင်းအတွင်းခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Thantlang တပ်ဖွဲ့တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်မှာ CDF-Than tlang မှရဲဘော် ဆလိုင်းဗန်ထာဘိခ်နှင့် ဆလိုင်းမောစီဗန်ဘွဲ့ဟုပ်တို့ ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သောသတင်းရင်းမြစ်ထံမှ သိရသည်။
ထန်တလန်မြို့တွင် ဖေဖော်ဝါရီဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကူများဖြည့်တင်းကာ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။