• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

0
By Editor on April 29, 2022 Featured

“မနက်လင်းလာရင် ငွေရှာလို့မရတာ၊ ဘာမှလုပ်လို့မရတာ အဆိုးဆုံးပဲ” ဟု ဇာတိမြေ ထန်တလန်မှ လေးလကျော်ကြာ စစ်ဘေးရှောင်အဖြစ် ခွဲခွာနေရသည့် ကိုရှန်ဘိခ်က ပြောဆိုသည်။

ကိုရှိန်ဘိခ်တို့ မိသားစုအပါအဝင် ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေ နှစ်ထောင်ခန့်၊ လူဦးရေ တစ်သောင်းခန့်သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစတင်၍ မြို့ပေါ်တွင် မနေရဲကြတော့ဘဲ နီးစပ်ရာ ကျေးရွာများနှင့် နယ်စပ်ဒေသ၊ အိန္ဒိယနိုင်ငံထဲသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်။

“ကိုယ့်အိမ်ကိုယ့်ရာကို အချိန်တိုင်း သတိရနေတာ” ဟုလည်း ကိုရှန်ဘိခ်က ဆိုသည်။

သာမန်အချိန်ဆိုလျှင် ငြိမ်းချမ်းအေးမြသော တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့် ထန်တလန်သည် စစ်အာဏာသိမ်းပြီးနောက် အကြိမ် (၂၀) နီးပါးအထိ မီးရှို့ခံရသည့် မြန်မာနိုင်ငံ၏ ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အထိ လေးလအတွင်း (၁၉) ကြိမ်ထက်မနည်း မီးရှို့ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုကာလအတွင်း နေအိမ်နှင့် ဘာသာရေးအဆောက်အဦ စုစုပေါင်း (၈၀၀) ကျော် မီးလောင်ပျက်စီးခဲ့ပြီး ယင်းသည် တစ်မြို့လုံး၏ ထက်ဝက်ခန့်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်ကြရသည့် ကိုရှန်ဘိခ်အပါအဝင် ထန်တလန် ဒေသခံတို့၏ နောက်ထပ်ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်သည်။ ထပ်မံ၍လည်း မီးရှို့ခံရနိုင်သည်ဟု ဒေသခံတို့က ခန့်မှန်းကြသည်။

ထန်တလန်မြို့သည် အဘယ့်ကြောင့် အကြိမ်ကြိမ် မီးရှို့ခံနေရသနည်း။

ထန်တလန်မြို့သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဌာနချုပ်ရှိရာဒေသဖြစ်ပြီး အာဏာသိမ်းကာလအလွန် စစ်ကောင်စီကို တွန်းလှန်တိုက်ထုတ်ရာတွင် ဒေသကာကွယ်ရေးတပ် CDF များနှင့်အတူ ပူးပေါင်းဆင်နွှဲနေသဖြင့် စစ်ကောင်စီ၏ ပစ်မှတ်ထားခံနေရခြင်း ဖြစ်နိုင်သည်ဟုလည်း နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်၏ ပြောရေးဆိုခွင့်ရှိသူမူ Clearing Operation ခေါ် အပြတ်ရှင်းသည့် စစ်ဆင်ရေးလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

နောက်တစ်ခုမှာ စစ်ကောင်စီကို တော်လှန်ပုန်ကန်လျှင် ထန်တလန်မြို့ကဲ့သို့ နှိပ်ကွက်ခံရမည်ဆိုသည့် မက်ဆေ့ကို ပေးချင်သည့်သဘောမျိုးဟုလည်း ၎င်းက ယူဆသည်။

သို့သော် စစ်ကောင်စီသည် ထန်တလန်မြို့တစ်ခုတည်းကိုသာ မီးရှို့ဖျက်ဆီးနေခြင်းမဟုတ်၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့၊ ရွာများကိုပါ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

အာဏာသိမ်းခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းအထိ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း စသည့် တော်လှန်ရေးအရှိန် ပြင်းထန်သည့် ဒေသများ အပါအဝင် ပြည်နယ်နှင့်တိုင်း (၉) ခုမှ မြို့ခြောက်မြို့၊ ကျေးရွာ (၉၀) တို့တွင်ရှိသည့် လူနေအိမ်ခြေ အဆောက်အဦ နှစ်ထောင်နီးပါး မီးရှို့ခံခဲ့ရကြောင်း Data for Myanmar အဖွဲ့၏ စစ်တမ်းများအရ သိရသည်။

ထိုအဖွဲ့၏ မှတ်တမ်းများအရ ချင်းပြည်နယ်တွင် နေအိမ်နှင့် ဘာသာရေးအဆောက်အဦ မီးရှို့ဖျက်ဆီးခံရမှုမှာ စုစုပေါင်း ၈၇၅ လုံး ရှိပြီဖြစ်ကာ တစ်နိုင်ငံလုံးတွင် အများဆုံးအရေအတွက်လည်း ဖြစ်သည်။

ထန်တလန်မြို့တွင် နေအိမ်အဆောက်အဦ မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီဘက်က လုပ်ဆောင်နေခြင်းမဟုတ်ဘဲ CDF များဘက်မှ လုပ်ဆောင်သည်ဟု မီဒီယာများသို့ ပြောဆိုထားသည်။ သို့သော် ယင်းအချက်ကိုမူ CDF များဘက်က ငြင်းဆိုသည်။

ဒေသခံများ တိမ်းရှောင်ကြပြီးနောက် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီက တပ်စွဲနေထိုင်ထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်းမျိုးရှိသည်ဟု ထန်တလန် CDF က ပြောဆိုသည်။

“ကျွန်တော်တို့ နေရာယူထားတဲ့ ရပ်ကွက်တွေလည်း ရှိတာပေါ့နော်၊ သူတို့က အရင်ဆုံး ပစ်ကွင်းရှင်းတာပေါ့၊ နည်းနည်း အကာအကွယ်တွေရှိတဲ့ ကျွန်တော်တို့ဘက်မှာ ရှိတဲ့ဟာတွေကို တခါတည်း မီးရှို့တာပေါ့နော် အဲလိုမျိုးပုံစံဖြစ်တယ်၊ ဒီဟာကလည်း အပြတ်ရှင်းလင်းမယ်ဆိုတဲ့ဟာပေါ့နော်” ဟု ၎င်းက ရှင်းပြသည်။

သို့သော် ဒေသခံများအတွက်မူ စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်ကြရင်း နေရပ်ပြန်ချိန်ဆိုလျှင် နေစရာအိမ် မရှိသူများ ဖြစ်လာခဲ့သည်။

“အရင်ကတော့ ကျွန်တော်တို့ရောက်နေတဲ့ ရွာကလည်း စားဖို့သောက်ဖို့တွေ၊ ထင်း စတာတွေ အကုန် စီစဉ်ပေးနိုင်ပေမယ့် ရက်ရှည်လများ ဖြစ်လာတော့ အဲဒါတွေကလည်း ကုန်ပြီလေ။ မိုးလင်းရင် တောထဲ ထင်းသွားရှာရတယ်။ အမျိုးသမီးတွေကတော့ ဒေသခံတောင်ယာစိုက်ခင်းတွေမှာ ကူလုပ်ကြရတယ်” ဟု ကိုရှန်ဘိခ်က လက်ရှိအခြေအနေကို ရှင်းပြသည်။

ယခင်ကာလများနှင့်မတူ အသက်မသေရုံသာ စားသောက်နေထိုင်နေကြရပြီး လူကြီးများအတွက် မထောင်းသာသော်လည်း သားသမီးများရှိသူများမှာ ပို၍ ဝမ်းနည်းဖွယ်အခြေအနေဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

ကိုဗစ်ကာလအပါအဝင် ကျောင်းမတက်ကြရသည်မှာ နှစ်နှစ်တာကာလသို့ ရောက်ရှိလာသဖြင့် သားသမီးများအတွက် ပညာသင်ကြားပေးလိုစိတ်များကလည်း ၎င်းတို့တွင် ပြင်းပြနေကြသည်။

သို့သော် ထန်တလန်အပါအဝင် ချင်းပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါး၌ စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် စစ်ဘေးရှောင်နေကြရသည့် ကိုရှန်ဘိခ်တို့မှာ သတင်းအချက်အလက်အတွက်ပင် တယ်လီဖုန်းဖြင့် ဆက်သွယ်မှုမှာ ရံဖန်ရံခါ လိုင်းပြုတ်ကျခြင်းမျိုး ရှိနေသောကြောင့် အွန်လိုင်းပညာရေးများလည်း ဝေးကွာနေကြရသည်။

ထန်တလန်မြို့၏ လူဦးရေ တစ်သောင်းခန့်မှာ အားလုံးပင် စစ်ဘေးရှောင်နေကြရပြီး ကိုရှန်ဘိခ်တို့ရောက်ရှိနေသည့် ကျေးရွာတွင် စစ်ဘေးရှောင်ဦးရေ နှစ်ရာဝန်းကျင်ခန့်ရှိသည်။ မြို့နှင့်ဆိုလျှင် အတန်ငယ်ဝေးကွာပြီး ကားလမ်းမပေါက်ဘဲ ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်သည့်နေရာ ဖြစ်သည်။

ထို့ကြောင့် စစ်ဘေးရှောင်အကူအညီများမှာ လာရောက်ရန် မလွယ်ကူပေ။ ပို၍ဆိုးသည်က ဟားခါးနှင့် ထန်တလန်လမ်းမှာလည်း အသုံးပြု၍ မရနိုင်သည့်အပြင် ထန်တလန်မြို့အဝင်တွင် စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်သည်ဟု သိရသည်။

“ကျွန်တော်တို့ ရောက်စက ရွာကပေးတဲ့ ဆန် အပါအဝင် တခြားသူတွေ လှူတာရောက်လာတာ အားလုံးပေါင်း သုံးခါလောက်ပဲ ရှိသေးတယ်။ ဒီရက်ပိုင်းတော့ တစ်အိမ်ထောင်ကို စောင်တစ်ထည်စီ ရကြတယ်” ဟု ကိုရှန်ဘိခ်က ဆိုသည်။

အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပြေးလွှားလာခဲ့ကြရသဖြင့် မိသားစုများတွင် ပြည့်စုံလုံလောက်သည့် အဝတ်အစား၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး စသည်တို့ မပါကြသဖြင့် လိုအပ်ချက်များ ရှိနေပြီး ဆောင်းရာသီကာလအတွက် စောင် အလိုအပ်ဆုံးဟု ဆိုသည်။ ယင်းအပြင် စစ်ဘေးရှောင်များတွင် ရာသီတုတ်ကွေးများလည်း ဖြစ်ပွားနေကြပြီး ကုသစရာ ဆေးဝါးလည်း မရှိသည့်အတွက် ကိုယ်ထူကိုယ်ထ သက်သာစေရန် ကြံဖန်နေကြရသည်ဟု သိရသည်။

“ကျွန်တော်တို့ မိသားစုလည်း တစ်အိမ်လုံး ဖျားကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ သက်သာတယ်။ ဒါတောင် ချောင်းဆိုးတာမျိုးက ကျန်သေးတယ်။ ဆေးလည်း မရှိဘူး။ ဆေးကုသပေးနိုင်သူလည်း မရှိဘူး” ဟု ကိုရှန်ဘိခ်က ပြောဆိုသည်။

အဆင်မပြေမှုများဖြင့် ကြုံတွေ့နေရသော်လည်း ဇာတိမြေသို့သာ အမြန်ဆုံး ပြန်ချင်နေပြီဟုလည်း သူက ဆိုသည်။ နေရပ်ပြန်ရောက်လျှင် ဘဝကို အသစ်က ပြန်စတင်ရမည်ဖြစ်သော်လည်း သားသမီးများ ပညာသင်၊ မိဘများကလည်း ဝင်ငွေရသည့်အလုပ် လုပ်ကိုင် စသည့် ပုံမှန်ဘဝများကိုသာ အမြန်ဆုံး ရောက်ရှိချင်လှပြီဟု ကိုရှန်ဘိခ်က ဆန္ဒပြုသည်။

“ကိုယ့်အိမ်ဝင်းထဲမှာ မိုးကဲတဲထိုးပြီးတော့ပဲ နေရနေရ၊ ကလေးတွေ ပညာသင်စေချင်လှပြီ။ သူတို့ ကျောင်းမတက်ရတာ နှစ်နှစ်ရှိပြီလေ။ ကျွန်တော်လည်း ပိုက်ဆံရမယ့်အလုပ်တွေလုပ်ပြီး မိသားစု ပျော်ပျော်ရွှင်ရွှင် နေချင်နေပါပြီ”

ဆလိုင်းထန်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.