၂၀၂၄ ခုနှစ်တွင် ချင်းအင်အားစုများ ရင်ဆိုင်ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများနှင့် လက်ရှိ ချင်းပြည် နိုင်ငံရေး အခင်းအကျင်းနှင့်ပတ်သတ်ပြီး ချင်းလဲန်းကောင်စီ တွဲဖက်အတွင်းရေးမှူး – ၁၊ CNF-CAN ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်။
ခုခံတော်လှန်စစ်အားကောင်းသည့် ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး-CNF နှင့် ချင်းတော်လှန်ရေး အင်အားစုများသည် ၂၀၂၃ ခုနှစ် စစ်ရေးကဏ္ဏတွင် “၁၀၂၇ စစ်ဆင်ရေး” အရှိန်အဟုန်ဖြင့် ချင်းတောင်တွင် ခုခံစစ်မှ ထိုးစစ်အသွင်ကို ချေးမှုန်းစစ်အထိ ပြောင်းလဲနိုင်ခဲ့ပြီး မြို့နှင့် စစ်စခန်းတချို့ကို သိမ်းနိုင်ခဲ့သည်။
နိုင်ငံရေးကဏ္ဏတွင် ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ၊ ချင်းလဲန်းကောင်စီတို့ကို့ အတည်ပြုဖွဲ့စည်းနိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား၏ အခြေခံအုပ်မြစ်များကို ချမှတ်နိုင်သည်အထိ အောင်မြင်မှုများ ရှိခဲ့သည်။
ယခု ၂၀၂၄ ခုနှစ်သည် ချင်းလူမျိုးများ ကိုယ်တိုင်ပြဌာန်း၍ ချင်းပြည်နယ်တွင် ချင်းလူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ရေးကို စတင်တော့မည် ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ချင်းအင်အားစုများ ရင်ဆိုင်ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများနှင့် လက်ရှိ ချင်းပြည် နိုင်ငံရေးအခင်းအကျင်း၊ သဘောထားကွဲလွဲမှုများအကြောင်းနှင့် ပတ်သတ်ပြီး ချင်းလဲန်းကောင်စီ တွဲဖက်အတွင်းရေးမှူး – ၁ ၊ CNF-CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ၂၀၂၃ ခုနှစ်မှာ CNF-CNA နဲ့ ချင်းတော်လှန်ရေး အင်အားစုတွေက ဘယ်လိုမျိုးအောင်မြင်မူတွေရခဲ့ပါလဲ။ ပြီးတော့ သတ်မှတ်ထားတဲ့ စစ်ရေးနဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဘယ်လောက်အတိုင်းအတာအထိ ပြည့်မှီစွာ အကောင်ထည်ဖော်နိုင်ခဲ့ပါလဲ။
ဖြေ။ ။ ၂၀၂၃ ကတော့ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကနေ အမြဲတမ်း နှစ်စဥ်ပွင့်လင်းရာသီစစ်ဆင်ရေး၊ မိုးတွင်းစစ်ဆင်ရေးဆိုပြီးတော့ စစ်ကြောင်းကြီးတွေနဲ့ မြေပြန့်ကနေပြီး ထိုးလာတဲ့ဟာ ဒီ ၂၀၂၃ ခုနှစ်စ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ လောက်ကနေ စစ်ကောင်စီက ချင်းပြည်နယ်ဘက်ကို စစ်အုပ်ချုပ်ရေးလို့ သတ်မှတ်လိုက်တယ်။ အဲ့ဒါနဲ့ တဆက်တည်း စစ်ကြောင်းကြီးတွေနဲ့ ချင်းပြည်နယ်ဘက်ကို တောင်ပိုင်းကနေသော်လည်းကောင်း၊ မြောက်ပိုင်းကနေ သော်လည်းကောင်း စစ်ဆင်ရေးအကြီးကြီး ထိုးလာတယ်။ အဲ့ဒီမှာ ရင်ဆိုင်တိုက်ပွဲတွေ အများကြီးဆင်နွဲနေခဲ့ရတယ်။ အဲ့ဒါက ပွင့်လင်းရာသီ၊ မိုးတွင်းရောက်လာတော့လည်း ထိုနည်းလည်းကောင်းပဲ ဖြစ်လာတယ်။ သို့သော် ဒီနှစ် ၂၀၂၃ နှစ်ကုန်ပိုင်းကျတော့ ပွင့်လင်းရာသီမှာ သူတို့ရဲ့ဗျူဟာကတော့ ပထမမှာ ကရင်နီဒေသ၊ ဒုတိယကို ကချင်၊ တတိယကို ချင်း ဆိုပြီးမှ မြေပြန့်ကနေ စစ်ဆင်ရေးထိုးဖို့ ပြင်လာခဲ့တယ်။
သို့သော် မိုးတွင်းစစ်ဆင်ရေး အောက်တိုဘာမှာ ချင်းတောင်ကို စစ်ကောင်စီကနေ စစ်ယာဥ်တန်း ၈၇ စီးနဲ့ ချင်းတောင်ကို စစ်ရေးထိုးဖို့ ပြင်ဆင်လာတယ်။ အဲ့ဒီမှာပဲ ကျွန်တော်တို့ ရှမ်းမြောက်ညီနောင်(၃) ဖွဲ့က အင်အားအကြီးကြီးနဲ့ ဝင်လာလို့ရှိရင် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကြီးက တမျိုးတဖုံ ပြောင်းလဲသွားတယ်။ ကျွန်တော်တို့စောင့်ကြိုနေတဲ့ စစ်ယာဥ်တန်းကြီးက ချင်းတောင်ကိုတက်လာဖို့ဆိုတာ မတက်လာနိုင်တော့ဘူး။ အဲ့ဒါနဲ့တဆက်တည်း ကျွန်တော်တို့ကလည်း ရှမ်းမြောက်ညီနောင် (၃) ဖွဲ့ရဲ့ မဟာစစ်ဆင်ရေးနဲ့အတူ ကျွန်တော်တို့လည်း ချင်းတောင်မှာ ခုခံစစ်ကနေ ထိုးစစ်ကို ချေမူန်းစစ်အသွင် ပြောင်းပြီးတော့မှ မြို့တွေဘာတွေကို သိမ်းနိုင်တဲ့အနေအထားအထိ ကျွန်တော်တို့တွေက စစ်ရေးကို စွမ်းဆောင်နိုင် ခဲ့တယ်လို့ ပြောရမယ်။
အဲ့ဒါအပြင် ကျနော်တို့စစ်ရေးနဲ့အတူ ဒေသခံပြည်သူတွေအတွက် ဆိုပြီးတော့ အမျိုးသားအဆင့် အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်ဖို့ အခုကချင်းလူမျိုး၊ ချင်းပြည်သူတရပ်လုံး မျော်မှန်းတောင့်တနေတဲ့ ချင်းပြည်အဆင့် အုပ်ချုပ်ရေး ကိုလည်း ဖော်ဆောင်နိုင်ဖို့၊ ချင်းအမျိုးသားကောင်စီကို ဖွဲ့စည်းပြီးတော့ စစ်ရေးနဲ့ နိုင်ငံရေးကို အားကောင်းကောင်းနဲ့ ဟန်ချက်ညီညီ ဖော်ဆောင်ဖို့ဆိုတာက ကျွန်တော်တို့ နှစ်ကုန်ဒီဇင်ဘာလလောက်မှာ အဲ့သလို ကျွန်တော်တို့ အုတ်မြစ်ချနိုင်ခဲ့တယ်။ ဆိုတော့ ၂၀၂၄ ကတော့ အဲ့ဒီ ၂၀၂၃ က စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ အားကောင်းကောင်းနဲ့ ပြည်သူနဲ့အတူ ဖော်ဆောင်နိုင်ဖို့က ဒီ၂၀၂၄ မှာတော့ ကျွန်တော်တို့ အားသစ်တရပ်အနေနဲ့ ဆက်လက်ပြီးတော့ တွန်းဖို့ရှိနေပါတယ်။
မေး။ ။ ၂၀၂၃ ခုနှစ်မှာ စစ်အာဏာရှင်ကို တွန်းလှန်ရေးမှာ ချင်းတော်လှန်ရေးအင်အားစုတွေဟာ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါလဲ။
ဖြေ။ ။ ကျွန်တော်တို့ အဓိက က ချင်းတောင်အနေအထားက အားလုံးသိပြီးတဲ့အတိုင်းပေါ့။ ဒီနယ်မြေ အနေအထား၊ ပြီးတော့ ပြည်သူတွေရဲ့အခက်အခဲ စားဝတ်နေရေးအခက်အခဲကတော့ အင်မတန်ကို အင်မတန်မှ ကြုံခဲ့ရတယ်။ သို့သော် ကျွန်တော်တို့မှာ ချင်းတောင်ကချင်းလူမျိုးတွေ မြန်မာပြည်မှာ အဆင်းရဲဆုံးဖြစ်တဲ့အားလျော်စွာ ဆင်းရဲမွဲတေမှုဆိုတာကတော့ တခြားဒေသနဲ့စာရင်တော့ ကျွန်တော်တို့မှာ ခံနိုင်ရည်ရှိတယ်။ သို့သော် အခက်အခဲ ကတော့ အင်မတန်မှ ခက်ခဲပါတယ်။
ကျွန်တော်တို့မှာ၊ ကျွန်တော်တို့ရဲ့ အနေအထားအရ တိုင်းရင်းသား မြန်မာနိုင်ငံတခုလုံးမှာ ချင်းတောင်က စစ်ရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့လက်နက်တွေ အသုံးပြုမှု၊ စုဆောင်းမှုမှာ တခြားဒေသနဲ့စာရင် အားနည်းခဲ့တာ ဖြစ်တယ်။ တလျောက်လုံး အဲ့သလိုနဲ့ ကြုံခဲ့ရတာပေမယ့် ရှိတဲ့ဟာလေးနဲ့ ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲဝင်ခဲ့တယ်။ ဒေသခံပြည်သူတွေကတော့ စစ်ဘေးရှောင်က ပိုပြီးတော့များလာတော့ရင် စစ်ဘေးရှောင် ပြည်သူတွေရဲ့ အခက်အခဲတွေကို ကျွန်တော်တို့က သူတို့ထင်သလောက် မှန်းထားသလောက်တော့ ကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ အဲ့ဒီအခက်အခဲကတော့ အင်မတန်မှ ကြုံခဲ့ရတယ်၊ ဒီ ၂၀၂၃ ခုနစ်မှာပေါ့။
မေး။ ။ ဒါဆိုရင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ်ကို ဘယ်လိုနှစ်လို့ သတ်မှတ်လို့ရပါလဲ၊ ချင်းတော်လှန်ရေး အင်အားစုတွေ အတွက်ပေါ့။
ဖြေ။ ။ တခုလုံးခြုံပြီးပြောရရင်တော့ ဒီ ၂၀၂၃ ခုနှစ်က စစ်ရေးသော်လည်းကောင်း၊ နိုင်ငံရေးသော်လည်းကောင်း ကျွန်တော်တို့ အင်မတန်မှအောင်မြင်တယ်။ ကျွန်တော်တို့မျှော်မှန်းထားသလောက် မအောင်မြင်ပေမယ့် အောင်မြင်မူ ရာခိုင်နှုန်းကတော့ တော်တော်လေး အားသာတယ်။ ပြောရရင်တော့ စစ်ရေးမှာ ထိုးစစ်၊ ချေမှုန်းစစ်အသွင် ပြောင်းလာနိုင်ခဲ့သလို ကျွန်တော်တို့နိုင်ငံရေးမှာလည်း အမျိုးသားအဆင့် အားသစ်တရပ် စုစည်းမူတရပ်ကို ဖော်ဆောင်နိုင်တဲ့နှစ် ဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၂၃ ကတော့ အင်မတန်မှ ကျွန်တော်တို့အတွက် စစ်ရေးအရ၊ နိုင်ငံရေးအရ အောင်မြင်တဲ့နှစ်လို့ပဲ အဲ့သလိုပဲ ကျွန်တော်ကောက်ချက်ချချင်ပါတယ်။
မေး။ ။ ဒီ ၂၀၂၄ ခုနှစ်ကိုရော ဘယ်လိုနှစ်လို့သတ်မှတ်လို့ရပါလဲ၊ ၂၀၂၄ ဟာ ဘယ်လိုနှစ်မျိုးဖြစ်လာမလဲ။
ဖြေ။ ။ ၂၀၂၄ ကလည်း ကျွန်တော်တို့ ၂၀၂၃ နှစ်ဟောင်းမှာ ကြုံခဲ့တဲ့အားနည်းချက်တွေ၊ အားသာချက်တွေကို သုံးသပ်ပြီးတော့ အဲ့ဒီအားနည်းချက်ကို ဘယ်လိုရှောင်ရှားပြီးတော့ အဲ့ဒီအားနည်းချက်ကို အားသာချက်အဖြစ် ဘယ်လိုမျိုးဗျူဟာဆွဲရမလဲ စစ်ရေးရော၊ နိုင်ငံရေးရော ကျွန်တော်တို့မှာ ၂၀၂၃ နှစ်ကုန်က အတွေ့အကြုံ၊ တနှစ်လုံး အတွေ့အကြုံကိုယူပြီးတော့ ဒီ ၂၀၂၄ မှာတော့ ကျွန်တော်တို့ပြည်သူနဲ့အတူ တော်လှန်ရေးအားသစ် ပိုမိုပြီးတော့ ရရှိလာမယ့်နှစ် ဖြစ်လာပါလိမ့်မယ်။ ဒီ၂၀၂၄ ကိုတော့ ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကို မျှော်လင့်ရတဲ့နှစ် ဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီတော်လှန်ရေးက ပြည်သူနဲ့အတူတူ ဖော်ဆောင်နေတဲ့တော်လှန်ရေး ဖြစ်နေသလို ကျွန်တော်တို့ရဲ့ အောင်မြင်မှုအပေါ် ပြည်သူရဲ့ယုံကြည်မူ ပိုပြီးတော့ရှိလာတယ်။ နိုင်ငံရေးအရ စုစည်းမှု၊ ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးတော့ အားကောင်းလာမယ့်နှစ် ဖြစ်ပါတယ်။ အဓိကတော့ ပြည်သူရဲ့စိတ်ဓာတ်၊ ပြည်သူက ကျွန်တော်တို့အပေါ် ယုံကြည်မူ၊ ကျွန်တော်တို့က ပြည်သူတွေအပေါ် ပြန်ပြီးတော့ အားကိုးမှု၊ ပြီးတော့ စစ်ရေး ဖော်ဆောင်မူ၊ တိုက်ပွဲအတွေ့အကြုံ ပြည်သူတွေရဲ့ ယုံကြည်မှုက ပိုပြီးတော့အားကောင်းလာမယ့်နှစ်၊ အဲ့ဒါကြောင့် ၂၀၂၃ ခုနှစ်နဲ့စာရင်တော့ ၂၀၂၄ ကတော့ အင်မတန်မှ စစ်ရေးနဲ့နိုင်ငံရေးကို ပိုပြီးတော့ မျှော်လင့်ရမယ့်နှစ် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်အဲ့သလိုပဲ ပြောချင်ပါတယ်။
မေး။ ။ ဒါဆိုရင် ဒီ၂၀၂၄ ခုနှစ်မှာ ချင်းတော်လှန်ရေးအင်အားစုတွေ ချင်းလဲန်းတည်ဆောက်ရေးနဲ့ ချင်းအမျိုးသား တည်ဆောက်ရေးမှာ ဘယ်လိုရည်မှန်းချက်တွေ ချမှတ်ထားတာရှိပါလဲ။
ဖြေ။ ။ ခုန ကျွန်တော်ပြောထားသလို ကျွန်တော်တို့ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေး အတွက် ကျွန်တော်တို့ အမျိုးသားအဆင့်၊ ချင်းပြည်အဆင့်၊ ဒီအုပ်ချုပ်ရေးကို ကျွန်တော်တို့ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်။ အဲ့သလိုဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ချင်းလူမျိုးတွေကိုယ်တိုင်က ရေးဆွဲခဲ့တဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေလည်း အခိုင်အမာ အတည်ပြုထားတာရှိပါတယ်။ အဲ့ဒီဖွဲ့စည်းပုံ အခြေအခံဥပဒေအတိုင်း ကျွန်တော်တို့ ၂၀၂၄ ခုနှစ်မှာတော့ ချင်းပြည်အစိုးရကို ကျွန်တော်တို့အတတ်နိုင်ဆုံး ဖော်ဆောင်နိုင်တော့မှာဖြစ်တယ်။
မကြာခင်မှာပဲ ကျွန်တော်တို့ ချင်းပြည်အစိုးရကို ချင်းလဲန်ကောင်စီအောက်ကနေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စတွေကို ကျွန်တော်တို့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့အညီ ကျွန်တော်တို့ ချင်းလူမျိုးတွေကိုယ်တိုင်က ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်။ စစ်ရေးအရလည်း အားကောင်းကောင်းနဲ့ စုစုစည်းစည်းနဲ့ ဖော်ဆောင်လာနိုင် လိမ့်မယ်လို့ ကျွန်တော်တို့လည်း အစီအစဥ်တွေ ချထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ နေ့မအားညမအား စစ်ရေးနဲ့နိုင်ငံရေးကို ဟန်ချက်ညီညီ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
မေး။ ။ လာမယ့် ၂၀၂၄ က ချင်းလဲန်းကောင်စီဥက္ကဌကလည်း ပြောထားပါတယ်၊ အရမ်းကို အရေးကြီးတဲ့နှစ်တစ်နှစ် ဖြစ်တယ်လို့ ပြောထားတယ်၊ ဒီတော့ လာမယ့် ၂၀၂၄ မှာ ဘယ်လိုအခက်ခဲတွေ စိန်ခေါ်မူတွေကို ဖြတ်သန်း ရင်ဆိုင်ရမှုတွေ ရှိလာနိုင်ပါလဲ။
ဖြေ။ ။ ကျွန်တော်တို့ တော်လှန်ရေးလုပ်ပြီဆိုရင်တော့ စိန်ခေါ်ချက်တွေက အမြဲတမ်းရှိပါတယ်။ ဒါကြောင့် ကျွန်တော်တွေ ချင်းလူမျိုးတွေ ကိုယ်တိုင်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ချင်းလူမျိုးတွေကိုယ်တိုင် ဖော်ဆောင်ရမယ့် စစ်ရေး၊နိုင်ငံရေးမှာ ကျွန်တော်တို့အားနည်းချက်တွေတော့ ရှိမှာပါ။ အခုလည်း အားနည်းချက်တွေ အခုဖော်ဆောင်မယ့်အချိန်မှာ သဘောထားနည်းနည်းကွဲလွဲတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲ့ဒါတွေလည်း ကြုံရမယ့်ဟာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအတွက် အကောင်းဆုံးဖြစ်အောင် သူတို့အတွက် ကျွန်တော်တို့ တံခါးဖွင့်ထားတာ ဖြစ်ပါတယ်။ အားလုံးပါဝင်လာနိုင်ဖို့ ကျွန်တော်တို့က တွန်းသွားမှာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ အားလုံးပါဝင်မှုဆိုတာတော့ စကားလုံးကလွယ်တယ်၊ ဒါပေမယ့်လက်တွေ့မှာ ဘယ်မှာမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီစိန်ခေါ်ချက်တွေကိုတော့ ကျွန်တော်တို့ကတော့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့မှာ စိတ်တူကိုယ်တူ အလုပ်နဲ့ လက်တွေ့ပြနိုင်ဖို့ လိုပါတယ်။ အဲ့ဒီလို ပြနိုင်မယ့်နေရာမှာ ကျွန်တော်တို့အားလုံးက တက်ညီလက်ညီနဲ့ ဆောင်ရွက်ကြရင် ကိုယ့်ဘက်သူ့ဘက်၊ ကိုယ့်ဒေသ၊ သူ့ဒေသဆိုတဲ့ဟာမျိုး မရှိဘဲနဲ့ အမျိုးသားရေးဆိုတဲ့ အခြေခံအောက်မှာ သွားရင်တော့ အဲ့ဒါတော့ ကျော်လွားလာနိုင်မယ်လို့ ကျွန်တော် အခိုင်အမာယုံကြည်ပါတယ်။
မေး။ ။ ဒီနှစ်ထဲမှာပဲ ချင်းလဲန်းကောင်စီကနေ ချင်းပြည်အစိုးရကို လည်ပတ်တော့မှာဆိုတော့ ဘယ်တော့လောက် စတင် လည်ပတ်မှာပါလဲ။ ဘယ်လိုအနေအထား အခြေအနေတွေ ရောက်နေပါပြီလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ချင်းပြည်ရဲ့ဥပဒေပြုရေးကိစ္စ၊ ပြီးတော့ အစိုးရဖွဲ့စည်းရေးကိစ္စ၊ တရားစီရင်ရေးကိစ္စကို ရက်ပေါင်း (၆၀) အတွင်း အကောင်ထည်ဖော်ရမယ်ဆိုတဲ့ဟာကို အတိအလင်း ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့် ရက်ပေါင်း (၆၀) အတွင်း လာမယ့်ဖေဖော်ဝါရီလအတွင်းမှာတော့ အပြီးသတ် ပေါ်လာလိမ့်မယ်လို့ ကျွန်တော်တို့က အဲ့သလိုအစီအစဥ်ချထားတယ်။
မေး။ ။ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းတော့မယ်ဆိုတော့ ဘယ်သူတွေက ဦးဆောင်မှာပါလဲ၊ လတ်တလော အခြေအနေမှာ ပြောလို့ရသလောက် ပြောပြပေးလို့ရမလား။
ဖြေ။ ။ ချင်းလဲန်းကောင်စီကို အစုအဖွဲ့(၃) ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ CNF ရယ်၊ ပြီးတော့ ၂၀၂၀ မှာ အရွေးခံတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ၊ ပြီးတော့ ပြည်တွင်းမှာ လက်တွေ့အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ အစုအဖွဲ့(၁၇) ရယ်၊ အဲ့ဒီ (၃) ဖွဲ့ကနေ ချင်းလဲန်းကောင်စီကို ဖွဲ့စည်းတာဖြစ်ပါတယ်။ ဆိုတော့ လာမယ့်အစီအစဥ်က လွှတ်တော်ရယ်၊ အစိုးရရယ်၊ တရားစီရင်ရေးကို အဲ့ဒီ အစုဖွဲ့ (၃) ခုကနေ သင့်တော်မယ့်ပုဂ္ဂိုလ်တွေ အသီးသီး စေလွှတ်ပြီးတော့ သူ့ရဲ့သင့်တော်ရာနေရာအတိုင်း နေရာချပေးမှာ ဖြစ်ပါတယ်။
ဥပမာတခုပြောရရင် ဥပဒေပြုရေး ကိစ္စဆိုတာ လွှတ်တော်ကိစ္စ ဖြစ်ပါတယ်။ အရွေးခံကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ တာဝန်က သူ့ဟာသူရှိပြီးသား ဖြစ်ပါတယ်။ ပြီးတော့ အစိုးရဆိုတာလည်း အရွေးခံ ကိုယ်စားလှယ်ထဲက ဥပမာ ဝန်ကြီးချုပ်တွေ ဖြစ်လာမယ်ဆိုရင်တော့ သူ့အနေအထားနဲ့သူ၊ သူ့ဟာသူ ရှိလာပြီးသား ဖြစ်ပါတယ်။ ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန ဆိုတဲ့ဟာတော့ လက်နက်ကိုင်နဲ့ချိတ်နေလို့ အဲ့သလိုပဲ သင့်တော်ရာနဲ့ သူ့အနေအထားနဲ့သူ ပေါ်လာမှာဖြစ်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ဒီဇင်ဘာလ လကုန်ပိုင်းမှာပဲ ချင်းလဲန်းညီလာခံကို မတက်ရောက်ခဲ့တဲ့ အဖွဲ့ (၃) ဖွဲ့က ချင်းညီနောင်ဆိုပြီးတော့ ဖွဲ့စည်းလာပါတယ်။ အဲ့အပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ သူတို့အတွက်လည်း ကျွန်တော်တို့လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။ အဓိက ကတော့ ခုနပြောသလို ဒီမိုကရေစီနိုင်ငံမှာ အားလုံးပါဝင်မှု ပြီးပြည့်စုံမှုဆိုတာ မရှိပါဘူး၊ အားနည်းချက်တော့ ရှိမှာပါ။ ကျွန်တော်တို့အတွက် သူတို့နဲ့ဆွေးနွေးဖို့ အမြဲတမ်း လမ်းဖွင့်ထားပါတယ်။ အဲ့ဒါကြောင့် သူတို့နဲ့ ညှိနှိုင်းနိုင်အောင်လို့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ။
မေး။ ။ နောက်ဆုံးမေးခွန်းအတွက် ၂၀၂၄ နှစ်မှာ ပြည်သူတွေကို ဘယ်လိုမျိုး သတင်းစကားပါးချင်ပါလဲ။
ဖြေ။ ။ ဒီကာလဟာ စစ်ကောင်စီ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖြုတ်ချပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မယ်။ ကျွန်တော်တို့ ချင်းအရေးကို ဘယ်လိုဖော်ဆောင်မလဲ၊ ချင်းပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လို ချင်းအားလုံးပူးပေါင်းပါဝင်မှုနဲ့ ဖော်ဆောင်မလဲ ဆိုပြီးတော့ ဒီတော်လှန်ရေးကို ဆင်နွဲနေတဲ့အချိန် ဖြစ်ပါတယ်။ အဲ့ဒီမှာ ချင်းအမျိုးသား၊ ချင်းပြည်သူတွေရဲ့စုစည်းမှုအား အများကြီးလိုပါတယ်။ ကျွန်တော်တို့စဥ်းစားချက်တွေက “ချင်း” ဆိုတဲ့ အခြေခံအောက်ကနေ အမျိုးသားစုစည်းမှုကနေ ဒီတော်လှန်ရေးကို ဆင်နွဲရမှာ ဖြစ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးဟာ သဘောထားကွဲလွဲပြီးတော့ သူဒေသအလိုက် ဖော်ဆောင်တာမျိုး မဖြစ်သင့်ဘူး။ အဲ့လိုဆိုရင် ရန်သူက ကောက်ယူသွားလိမ့်မယ်။ ရန်သူက ဝါးမျိုသွားလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ “ချင်း” ဟူသော အမျိုးသားအဆင့် အမည်နာမအောက်ကနေ စုစည်းမှုအားကို တည်ဆောက်ပြီးတော့မှ အောင်မြင်နိုင်မှာဖြစ်တယ်။ အဲ့ဒါကြောင့် ဒီနေ့ဒီချိန်မှာ သူ့ဟာကိုယ့်ဟာဆိုပြီးတော့ မစဥ်းစားဘဲနဲ့ တတိုင်းပြည်လုံး စစ်ရေးရောနိုင်ငံရေးရော ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်မှုအဖြစ် ကျွန်တော်တို့ ဒီနွေဦးတော်လှန်ရေးမှာ အတူတူပါဝင် တိုက်ပွဲဝင်ကြပေးဖို့ပဲ ဖြစ်ပါတယ်လို့ ကျွန်တော်အဲ့လိုပဲပြောချင်တယ်။
မေး။ ။ တခြားဘာများ ပြောချင်တာရှိပါသေးလဲ။
ဖြေ။ ။ တော်လှန်ရေးတခုခု စစ်ဆင်ရေးကြီးတခုခု လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ဆိုရင် ဘယ်သူဖြစ်ဖြစ်၊ ပါဝင်သူအားလုံးက ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်ရပ်တည်ချက်တခုအပေါ်မှာ အခိုင်အမာရပ်တည်ပြီးတော့ တွေဝေမနေကြဖို့ လိုပါတယ်။ တွေဝေစိတ် ရှိနေမယ်ဆိုရင် ဘယ်တော်လှန်ရေးမှ ကျွန်တော်တို့လိုချင်တဲ့ဟာ မရနိုင်ပါဘူး။ အဲ့ဒါကြောင့် ၁၀၀ မှာ ၁၀၀ ကိုယ့်စိတ်ကိုနှစ်ပြီးတော့ တော်လှန်ရေးမှာ တိုက်ပွဲဝင်မယ်ဆိုရင် မအောင်မြင်နိုင်စရာ အကြာင်းတခုမှ မရှိပါဘူး။ အဲ့ဒါကြောင့် ဒီတခါ ဆင်နွဲနေတဲ့တိုက်ပွဲဟာ မဖြစ်မနေ အောင်မြင်ရမယ့် တိုက်ပွဲ ဖြစ်ပါတယ်။ ဒီအရေးတော်ပုံက အောင်ကိုအောင်မြင်ရမယ်။ အဲ့ဒါကြောင့် စိတ်ဓာတ်မကျ ကြပါနဲ့၊ တွေဝေမနေကြပါနဲ့လို့ ကျွန်တော်အဲ့သလိုပဲ ထပ်ဆင့်ပြီးပြောချင်ပါတယ်။
ပုံစာ – CNF-CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ