(005MK)
မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ဆက်သွယ်သော နယ်စပ်ချစ်ကြည်ရေးတံတားကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ သဘောတူညီချက်မပါဘဲ အာသံရိုင်ဖယ်တပ်ဖွဲ့အနေဖြင့် ပိတ်ပင်ခြင်းမျိုး နောက်ထပ်မလုပ်ရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုသည်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် မေလ ၂၁ ရက်နေ့က သူ၏ ရုံးခန်းတွင် အာသံရိုင်ဖယ်၊ အရှေ့ တိုင်းစစ်ဌာနချုပ် အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး RC Tiwari နှင့်တွေ့ဆုံပြီး ဒေသတွင်းအခြေအများ ဆွေးနွေးပြောဆိုရာမှာ နယ်စပ်အရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ ထည့်သွင်းပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
အာသံရိုင်ဖယ်တပ်ဖွဲ့သည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ပြည်နယ်အစိုးရ နှင့် ဗဟိုအစိုးရ၏ သဘော တူညီချက်မပါဘဲ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပိတ်ပင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ဖြစ်ရပ်မျိုး နောက်ထပ်မလုပ်ရန် မီဇိုရမ် ဝန်ကြီးချုပ်က အာသံရိုင်ဖယ်အရာရှိထံ အသိပေးပြောဆိုခဲ့ကြောင်း All India Radio News ကဖော်ပြသည်။
နောက်နောင်ကာလများတွင် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်မည့် ကိစ္စရပ်များ ပြုလုပ်မည်ဆိုပါက အာသံရိုင်ဖယ်တပ်ဖွဲ့အနေဖြင့် ပြည်နယ်အစိုးရနှင့် ဆွေးနွေးတိုင်ပင်၍ ဆောင်ရွက်သင့်သည်ဟု မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်ကြီး RC Tiwari ကလည်း ပြည်နယ်ဝန်ကြီးချုပ်၏ အကြံပြုပြောဆိုမှုအပေါ် ဝမ်းသာကြိုဆိုကြောင်း မီဇိုရမ် ပြည်နယ်အတွင်းက အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များအနေဖြင့် ယင်းအကြံပြုပြောဆိုမှုအပေါ် အလေးနက်ထားရမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေးတံတားကို ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ပင် ခဲ့ကြသည်။
ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ပြန်ဖွင့်ခဲ့ သော်လည်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရဟုဆိုကာ အာသံရိုင်ဖယ်တပ်ဖွဲ့က နှစ်နိုင်ငံဝင်ထွက်သွား လာခွင့်ကို တင်းကြပ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စအပေါ် အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့က တစ်စုံတစ်ရာ ညွန်ကြားမှုမရှိခဲ့ဘဲ အာသံရိုင်ဖယ်တပ်က မိမိသဘောဖြင့်ပိတ်ပင်ခဲ့ခြင်းသာဖြစ်ပြီး ဗဟိုအစိုးရ၏ ညွန်ကြားမှုဖြင့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။