အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကျင်းပပြုလုပ်သော နိုင်ငံတကာပန်းချီပြပွဲ (International Art Exhibition) တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားလည်း ပါဝင်ပြသထားသည်ဟု သိရသည်။
“Love Revolution” ဟု အမည်ပေးထားသော ယင်းနိုင်ငံတကာပန်းချီပြပွဲကို အိုင်ဇောလ်မြို့ မီလီနီယမ်ကုန်တိုက်တွင် စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြပြီး စက်တင်ဘာလ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ပြသထားမည်ဟု သိရသည်။
ယင်းပန်းချီပြပွဲတွင် ချင်းအမျိုးသားတစ်ဦး C. Puia မှ ရေးဆွဲထားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပန်းချီကားအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက ပန်းချီကားများ ပါဝင်ပြသထားကြသည်။
နိုင်ငံတကာပန်းချီပြပွဲကို Lalhmingmawii (Amoii) မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်က နာမည်ကြီး ပန်းချီအနုပညာရှင်များဖြစ်ကြသော Tlangrokhuma, Buta, Lalbiaklara, Rohnuna တို့အပါအဝင် အိန္ဒိယနိုင်ငံမှ ပန်းချီဆရာ ၇၂ ဦးနှင့် နိုင်ငံတကာမှ ပန်းချီဆရာ ၅၀ ဦးတို့၏ အနုပညာလက်ရာများကို ခင်းကျင်းပြသခဲ့ကြသည်ဟု သိရသည်။