(05MK)
နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည်နိုးထလာသော အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း အမျိုးသားတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့သူ ရဲဘော် ၃၂ ဦးရှိခဲ့ပြီဟု ၂ နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။
ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ အမျိုးသားရေးအတွက်အသက်ပေးခဲ့ကြသူများ၊ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ မပေါ်ပေါက်ခင်က ပြည်မ၊ တောင်တန်းဒေသမှ ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများအား အမှတ်ရဂုဏ်ပြုရန်အတွက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က မေလ ၂၁ ရက်နေ့ကို “ချင်းအမျိုးသားအာဇာနည်နေ့” အဖြစ် သတ်မှတ်ခဲ့ကြသည်။
မတူညီသော အချိန်၊ နေ့ရက်၊ ခုနှစ်များတွင် ကျဆုံးခဲ့ကြသော ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများကို အတူတကွ ဂုဏ်ပြုနိုင်ရန်အတွက် ချင်းအမျိုးသားကာကွယ်ရေး (CNDF) တပ်ဖွဲ့ဝင်ထဲမှ ပထမဦးဆုံး အသက်ပေးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ကို အစွဲပြု၍ ချင်းအမျိူးသားအာဇာနည်နေ့ကို မေလ ၂၁ ရက်နေ့အဖြစ် CNO က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
မေလ ၂၁ ရက်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် စိုးမိုးနယ်မြေများတွင် ရုံးပိတ်ရက်သတ်မှတ်ခြင်း၊ အလံတဝက်လွှင့်ထူခြင်း၊ ဆုတောင်းအောက်မေ့ပွဲများ ကျင်းပခြင်း၊ ကျဆုံးအာဇာနည်များအတွက် ရည်စူး၍ ကောက်ခံသော အလှူငွေများအား ပေးအပ်ခြင်း၊ ကျဆုံးအာဏာနည်များအား ဂုဏ်ပြုအလေးပြုခြင်းများ ပြုလုပ်လေ့ရှိသည်ဟု CNO က ဆိုသည်။
CNO/CNDF အနေဖြင့် ချင်းအမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အရှိန်မဟုန်မပြတ် ဆထက်တပိုးထမ်းဆောင်သွားမည်ဟု ကျဆုံးသွားသော အာဏာနည်သူရဲကောင်းများ၏ အမည်ကိုတိုင်တည်ရင်း သစ္စာဆိုကတိပြုသည်ဟု ချင်းအမျိူးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။