ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ မတ်လ ၈ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Paletwa တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၁ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၈ ရက်နေ့တွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထယ်ဘွေ့စခန်းသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်း လမ်းခုလတ်တနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Paletwa တပ်ဖွဲ့က ထုတ်ပြန်သည်။
နေ့လယ် ၁ နာရီမှ ၂ နာရီခွဲအထိ တစ်နာရီကျော်ကြာဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၁၁ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Paletwa က ဆိုသည်။
အဆိုပါတိုက်ပွဲတွင် အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-Paletwa က ထုတ်ပြန်သည်။