(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်က တိုက်ပွဲများတွင် ၃ လအတွင်း စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူး (၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး တချို့ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က သတင်း ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် နို၀င်ဘာလ ၁၃ ရက်နေ့ကစတင်ခဲ့သော ချင်းပြည်နယ် ပလက်၀ဒေသနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးသည် ယမန်နေ့ဖေဖော်၀ါရီလ ၁၄ ရက်နေ့တွင် ၃ လပြည့်၍ ၄ လထဲ ၀င်ရောက်လာပြီဖြစ်ကာ ၃ လအတွင်းမှာ ပလက်၀ဒေသတစ်ခု လုံးအပါအ၀င် ရခိုင်ပြည်၏ မြို့ကြီး ၄ မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့၏ တပ်မမှူး၊ ဗျူဟာမှူး ၄ ဦီးကို အရှင်နှင့်အသေ လက်ရဖမ်းဆီးခဲ့သည်ဟု AA ကဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်က မြောက်ဦး ခမရ (၃၇၇) တိုက်ပွဲတွင် တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲတွင် စကစ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ ကျောက်တော် စကစ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒု- ဗိုလ်မှူးကြီး ညီညီဝင်းသည် ဇန်နဝါရီလ ၁၆ ရက်က ဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများ သေလုမျောပါးရရှိထားပြီး လက်ရှိတွင် ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း သိရသည်။
ပလက်ဝမြို့နယ်အခြေစိုက် နှုံးဘူးဗျူဟာမှူး ဒု- ဗိုလ်မှူးကြီး ဗညားပိုင်စိုး (ကိုယ်ပိုင်အမှတ် ကြည်း/ ၃၅၃၄၄) သည် ၂၀၂၃ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကြောင့် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ပလက်ဝမြို့နယ်၏ ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သည့် စကစ (၁၉) ၏ တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (ကြည်း/ ၂၇၉၆၇) မှာ ကျဆုံး၊ ပျောက်ဆုံး၊ ထွက်ပြေးလွတ်မြောက်သွားသည်တို့ကို လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးကြောင်း သိရသည်။
ရက္ခိုင်တပ်တော် AA တပ်ဖွဲ့က စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ လည်းကောင်း၊ လက်နက်ချအညံ့ခံသူကို လက်နက်ချအညံ့ခံမှုအတွက် ဆက်ဆံသော ပုံစံနှင့်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ထားပြီး လက်နက်ချ အညံ့ခံချိန်တွင် ပါလာသော ဆွေမျိုးမိသားစုများကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ထုတ်ပြန်သည်။
ဆေးဝါးကုသရန် လိုအပ်သူများကိုလည်း ဆေးကုသမှုများ ပေးထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ရက္ခိုင်တပ်တော်သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့များကို သိမ်းပိုက်ရရှိထားပြီး ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲမြို့နှင့် တခြားမြို့အချို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။