(03PT)
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ ကုလားတန်မြစ်ရေကြီးမှုနှင့် မြေပြိုမှုတို့မှုကြောင့် ပလက်ဝမြို့ပေါ်က ဘော်ဒါကျောင်းဆောင်အပါအ၀င် လူနေအိမ် အဆောက်အဦး ၁၅ လုံးထက်မနည်း ပျက်စီးမှုရှိခဲ့သည်ဟု ပလက်ဝခရစ်ယန်လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (PCSRRC) က ပြောသည်။
ပလက်ဝမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး သြဂုတ်လ ၇ ရက်နေ့အထိ တစ်ပတ်ကျော်ကြာ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုဖြစ်ပွားရာမှာ နေအိမ်ပြိုကျမှု၊ မြေထိန်းနံရံပြိုကျမှုနှင့် နေအိမ်များ ရေမြုပ်ခြင်းဖြစ်သည်ဟု PCSRRC မှ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်သည်။
မြေပြိုမှုကြောင့် ထိခိုပျက်စီးမှုထဲတွင် ပလက်ဝမြို့က ပီအီစီ ဘော်ဒါဆောင် ၂ ထပ်ဆောင်လည်း ပါဝင်သည်ဟု ပိုင်ရှင် Rev. ထွန်းကျော်က ပြောသည်။
“ကျွန်တော်တို အသင်းတော်က ဖွင့်တဲ့အဆောင်မှာ ကျောင်းသား ၁၇ ဦးရှိတယ်၊ မိုးက တစ်အားကြီးပြီးတော့လေ တောက်လျှောက်မိုးရွာတော့ ကျွန်တော်တို့ အဆောင်က ၂ ထပ်ရှိတာ လုံးလုံးပြိုပြီးတော့ မြေမှာ ဝပ်သွားပြီ” ဟု Rev. ထွန်းကျော်က ပြောသည်။
ဘော်ဒါကျောင်းဆောင် မပြိုကျခင်မြေသားအက်ကွဲမှုစတင်ဖြစ်ပွားသည့် အချိန်မှာ ကြိုတင်ပြောင်းရွှေ့နိုင်ခဲ့သည့် အတွက် လူထိခိုက်မှုမရှိပဲ ဘေးကင်းရာ အိမ်မှာ ကျောင်းစာသင်ခန်းစာကိုလည်း ဆက် လက်သင်ကြား လျက်ရှိ နေကြောင်း Rev. ထွန်းကျော်က ဆက်ပြောသည်။
ထိုသို့ ရေကြီးမြေပြိုမှုများကြောင့် ပီအီစီ ဘော်ဒါဆောင် နှင့် ဧဝံဂေလိမက်သဒစ် ဘော်ဒါဆောင် အဆောက်အဦး ၂ လုံး နှင့် လူနေအိမ် ၅ လုံးပြိုကျပျက်စီးသည့်အပြင် လူနေအိမ် ၁၀ လုံး၏ မြေထိန်းနံရံများ ပြိုပျက်ပျက်စီး ခဲ့သည်ဟု သိရသည်။
ရေတိုက်စားမှုကာကွယ်နိုင်ရန် ဆောက်လုပ်ထားသည့် မြေထိန်းနံရံ၊ ခြံစည်းရိုး ပြိုကျမှုအပါဝင်၊ မိုးရွာသွန်း မှုကြောင့် မြေပြိုရာတွင် ထိခိုက်ပျက်စီးသွားသော ဝါး နှင့် ပျဥ်တို့ဖြင့် ဆောက်ထားသည့် လူနေအိမ်များ၏ ပျက်စီးမှုမှာ ငွေသားပမာဏအားဖြင့် ကျပ်သိန်း ၈၀၀ ကျော်ခန့်တန်ဖိုးရှိကြောင်း ပလက်ဝခရစ်ယာန်လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (PCSRRC) က ဆိုသည်။
ယခုလို တစ်ပတ်ကျော်ကြာ မိုးရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေမှာ ပေ ၄၀ ကျော်ခန့် မြင့်တက်လာ ပြီး မြစ်ကမ်းနားရှိ အဆောက်အဦးများနှင့် ပလက်ဝမြို့၊ မြို့မရပ်ကွက် စိုက်ပျိုးရေးကွင်းတွင် ယာယီတဲများဖြင့် နေထိုင်ကြသည့် စစ်ဘေးရှောင်များ၏ နေအိမ်များမှာ ရေမြှပ်သွားခြင်းကြောင့် ဘေးလွတ်ရာ အိမ်များသို့ ဝင်ရောက် ခိုလုံနေကြရသည်ဟု ဒေသခံများက ပြောသည်။
မိုးများပြီး မြေပြိုကျမှုနှင့် ကုလားတန်မြစ်ရေကြီးမှုတို့ကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် မြေထိန်းနံရံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် အခက်အခဲများကြုံတွေ့နေကြရပြီး ကူညီထောက်ပံ့မှုပေးကြရန် ပလက်ဝခရစ်ယာန်လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကတောင်းဆိုထားသည်။