ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် သြဂုတ်လ ၆ ရက်ကစပြီး လျှပ်စစ်မီးကို တရက်ခြားဖြင့် တစ်နေ့ ၃ နာရီခန့်သာ ဖြန့်ဖြူးပေးနိုင်တော့သည့်အတွက်ကြောင့် ပြည်သူ့ဆေးရုံတွင်ကြပ်မတ်ကုသနေကြသည့် ကိုဗစ်လူနာများအား အောက်ဆီ ဂျင်ကို အလှည့်ကျဖြင့် ရှုခိုင်းနေရသည်ဟု ပလက်ဝမြို့ ပြည်သူ့ဆေးရုံက ဒေါက်တာ ခိုင်ဝင်း ကပြောသည်။
“ရက်ခြားပေးတော့ အဆင်တော့မပြေဘူး၊ ရက်ခြားဆိုရင်တောင်မှ ၃ နာရီလောက်ပဲပေးတာ၊ တချိုိ့က ၃ နာရီအတွင်းမှာ အောက်ဆီဂျင်ရှူကြတာလေ၊ တချို့ အဲ့အတောတွင်း မဟုတ်တဲ့ ဟာကြတော့ အောက်ဆီဂျင်ရှူဖို့လိုရင် စက်နဲ့မောင်းပြီး ရှူကြရတာပေါ့၊ ပြီးတော့ ကျားနဲ့မဆိုပြီးခွဲ ထားတော့ ဒီဖက်တည၊ ဟိုဖက်တညဆိုပြီးတော့ ခွဲပြီးအလှည့်ကျရှူခိုင်းတယ်၊ အောက်ဆီဂျင် ရှူရတဲ့လူနာက ၅ယောက်ရှိတယ်။” ဟု ဒေါက်တာ ခိုင်ဝင်း ကပြောသည်။
ပလက်ဝမြို့တစ်မြို့လုံးကို ပေးနေသော လျှပ်စစ်မီးကို ယခင်က တရက်လျှင် ၄ နာရီအကြာ ဖြန့်ဖြူး ပေးခဲ့ပေမယ့် သြဂုတ်လ ၆ ရက်နေ့ ညကစတင်ပြီး စက်အင်အားမနိုင်နင်းလာသောကြောင့်၂ ပိုင်းခွဲပြီး တစ်ရက်ခြားဖြင့် လျှပ်စစ်မီးကို ဖြန့်ဖြူးပေးနေရကြောင်း ပလက်ဝမြို့နယ် လျှပ်စစ်ရုံးမှုး ဦးကျော်ကျော် သီးက ပြောသည်။
“စက်အင်အား မနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ၂ ပိုင်းခွဲပြီးမှ ပေးရတာပါ၊ စက်ကတော့ ကောင်းပါတယ် ၅၀၀ ကေဗီဆိုရင် ၅၀၀ ကေဗီစက်ထက်ပိုတဲ့ဝန်အားတွေကိုသုံးနေတာ၊ ဆက်ပေး သွားမယ်ဆိုရင်တော့ စက်ကကွေးရုံ ပဲရှိတော့တယ်၊ ကျွန်တော်တို့က အများပြည်သူတွေအတွက် ဓာတ်အားပြတ်တောက်မှုကို ပိုပြီးမှ လျှော့ချနိုင်ဖို့အတွက်ဆိုပြီးမှ နေ့စဉ်ပေးနေရတဲ့အနေအထား က နေပြီးမှ ၂ပိုင်းခွဲပြီးပေးလိုက်ရတဲ့သဘောပါ၊ စက်က ၂လုံးရှိတယ် ၂လုံးနဲ့ကို မနိုင်တော့ဘူးလေ။ ပထမတော့ နိုင်တာပေါ့ အခုက ကိုဗစ်ကာလရဲ့ အကျိုးအဆက်လို့ပဲပြောရမယ် ကိုဗစ်ဆိုတော့ ကိုဗစ်စ င်တာတွေကို မီးပေးရတယ်၊ လူအများက များသောအားဖြင့် အိမ်မှာပဲနေပြီးမှပဲ ဝန်အားသုံးကြတာ ဆိုတော့ မီးပေးတဲ့အခါ ခက်ခဲလာတာပေါ့” ဟု ပလက်ဝမြို့နယ် လျှပ်စစ်မှုးက ပြောသည်။
ပလက်ဝမြို့တွင် မဟာဓာတ်အားလိုင်းမရသေးသည့်အတွက် လျှပ်စစ်မီးဖြန့်ဖြူးရာတွင် ၅၀၀ ကေဗီမီစက် ၁လုံးနှင့် ၃၀၀ ကေဗီ စက် ၁လုံးကိုု အသုံးပြုကာ ပလက်ဝမြို့ကို ၂ခြမ်းခွဲပြီး ၁ရက်ခြားဖြင့် ည ၆ နာရီကနေ ၁၀ နာရီထိ လျှပ်စစ်မီးကိုအ သုံးပြုနိုင်ရန်အတွက် အလှည့်အကျ ဖြန့်ဖြူးပေးနေကြောင်းသိရသည်။
ပလက်ဝမြို့ လျှပ်စစ်မီးကို ပုံမှန်မရရှိကြသည့်အတွက် အိမ်ရှင်မများ ချက်ပြုတ်ရေးပိုင်း၊ ရုံးလုပ်သ မားများ နှင့် ပြည်သူလူထုများ အခက်အခဲဖြစ်သွားမည်သည်ဟု ပလက်ဝမြို့ ခံတစ်ဦးကလည်းပြော သည်။
“ရေနွေးတွေ၊ မီးပူတိုက်တာ၊ ဖုန်းအားသွင်းတာတို့ကစ ရုံးလုပ်ငန်းလုပ်တဲ့အချိန်မှာလဲ ကိုယ်လိုအပ်တဲ့ အချိန်မှာ ကွန်ပျုတာ စာထုတ်တဲ့နေရာမှာလည်းအဆင်မပြေဘူး၊ တချို့ လျှပ်စစ်နဲ့လုပ်တဲ့သူတွေ အတွက်လည်း တော်တော်လေးလေး အဆင်မပြေးဘူး၊ အိမ်တိုင်းကတော့ ဆိုလာပြားမရှိတာတော့ မီးမလာတဲ့ရက်ဆို မှောင်မဲနေတာပဲ” ဟု ၎င်းကပြောသည်။
ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိပြီး ပလက်ဝမြို့ ၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် မဟာဓာတ်အားလိုင်း မရရှိသေးကြောင်းသိရသည်။