(004SS)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ဘာသာရေးအဆောက်အအုံများကို အရေး ယူဆောင်ရွက်မည်ဟု စစ်ကောင်စီလက်အောက်ခံ ပလက်ဝမြို့နယ် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်၀မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတဆင့် ပလက်၀မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က အသိပေးညွန်ကြားလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပလက်၀မြို့နယ်တွင် ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံဆောက်လုပ်မှု၊ တိုးချဲ့ပြင်ဆင်မှုများ မရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန် စစ်ဆေးတွေရှိပါက ဉပဒေအရ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့များသို့ အချိန်နှင့်တပြေးညီ တင်ပြရမည်ဟု အဆိုပါညွန်ကြားစာတွင်ဖော်ြပထားသည်။
ထိုသို့ ညွှန်ကြားစာထွက်လာပြီးနောက်ပိုင်း ပလက်ဝမြို့၌ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း များ မရှိသေးသလို အရေးယူဆောင်ရွက်ခြင်းမျိုးလည်း မကြားမိသေးကြောင်း ပလက်၀မြို့နယ်က ခရစ်ယာန်ဘာသာရေး ဆရာ တစ်ဦးကပြောသည်။
“သူတို့ ထွေအုပ်ရုံးမှာတော့ စာကပ်ထားတယ်လို့ ပြောတယ်၊ တချို့တွေလုပ်တဲ့နေရာမှာ အခက်ခဲ အဟန့်တားရှိတယ် ဆိုတာတော့ မတွေ့သေးဘူး ဒါပေမယ့် သူတို့ရဲ့လုပ်ထုံးလုပ်နည်းလို့ပြောမလား အဆောက်အအုံတစ်ခုလုပ်မယ်ဆိုရင်တော့ တရား၀◌င်ခွင့်ပြုချက်တို့ဘာတို့လုပ်ဖို့ သူတို့သတ်မှတ်ထားတဲ့ဟာတော့ရှိမယ်ထင်တယ် လောလောဆယ်တော့ အဆောက် အအုံဆောက်ထားတာမျိုးမရှိတော့ ကျနော်ကိုယ်တိုင်တော့ မကြုံသေးဘူးလို့ပြောရမှာပေါ့’’ ဟု ခရစ်ယာန်ဘာသာရေး ဆရာကပြောသည်။
ပလက်ဝမြို့နယ်အတွင်း ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းများအား စစ်ကောင်စီမှ ယခုကဲ့သို့ တင်းကြပ်ကန့်သတ်လိုက်သည့်အပေါ် ဘာသာရေး လွတ်လပ်ခွင့်ပိတ်ပင်ခြင်းဖြစ်သည်ဟုဆိုကာ ဒေသခံများ က ေ၀ဖန်နေကြသည်။
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် တွင် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာ၀◌င်များလည်း နေထိုင်ကြသည်။
ချင်းပြည်နယ်သည် ခရစ်ယာန်ဘာသာ၀◌င် ၈၀ ရာခိုင်းနှုန်းကျော်ရှိသည့်ပြည်နယ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ် အတွင်းရှိ ဘာသာရေး အဆောက်အအုံ ၉၅ ခု ပျက်စီးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုပါသည်။