(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “နှုံးဘူး” ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူး အလောင်းအပါအဝင် အလောင်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ယနေ့မှာ သတင်းထုတ်ပြန်သည်။
နှုံးဘူးဗျူဟာကုန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၇ ရက်အကြာ ဒီဇင်ဘာလ ၁၀ ရက် ည ၁၁ နာရီ ၄၅ မီနစ်တွင် ဗျူဟာကုန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရက္ခိုင့်တပ်တော် AA သည် နှုံးဘူးဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် တစ်လနီးပါးအကြာ နေ့စဉ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအများအပြားဖြင့် အပြင်းအထန် ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။
“နှုံးဘူး” ဗျူဟာကုန်းတိုက်ပွဲတွင် “နှုံးဘူး” ဗျူဟာမှူးအလောင်းအပါအဝင် စစ်ကောင်စီတပ်သားတချို့၏ အလောင်းများကိုလည်း တွေ့ရှိခဲ့ရပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။
ထပ်မိသိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ အခိုင်အမာစစ်စခန်းများဖြစ်သော တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်းများကို ရက္ခိုင်တပ်တော် AA က နိုဝင်ဘာလ ၁၄ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တရွန်အိုင် ဗျူဟာကုန်းတစ်ခုလုံးကို ၂၁ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာလ ၄ ရက်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာ တည်ရှိသည့် ပလက်ဝမြို့နယ်ထဲက အခိုက်အမာအထိုင်ချထားသော ယင်းဗျူဟာကုန်းကြီး (၂) ခုကို သိမ်းပိုက်ရယူနိုင်ရေး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက်ထိခိုက်သေဆုံးမှု များပြားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတိအကျ မသိရသေးပေ။
“နှုံးဘူး” နှင့် “တရွန်အိုင်” ဗျူဟာကုန်းတိုက်ပွဲများအတွင်း စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် ခုခံတိုက်ခိုက်နေပြီး Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများလည်း အသုံးပြုသည်ဟု AA က ထုတ်ပြန်ထားသည်။
ယင်းဗျူဟာကုန်းတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မရာနယ်မြေ ဒေသကွယ်ရေးတပ်ဖွဲ့ MDF သည် AA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။