(006SV)
စစ်ကောင်စီက မတရားဖမ်းဆီးထားသော သတင်းသမား ၅၀ ကျော် အားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့မှာ တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီသည် တစ်နိုင်ငံလုံးရှိ အကျဉ်းသား/သူ ၉၆၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုရာတွင် သတင်းမီဒီယာသမားများဖြစ်သော ကိုကောင်းဆက်လင်း (MPA)၊ ကိုထွန်းသန်းအောင်နှင့် ကိုတိုးအောင် (မဲခေါင်သတင်းဌာန၊ သတင်းထောက်ဟောင်း) တို့ သုံးဦး ပါဝင်ခဲ့သည်။
စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ စစ်ကောင်စီဖမ်းဆီးခဲ့သော သတင်းသမား ၁၇၀ ဦး ရှိသည့်အနက် ၁၁၈ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး သတင်းသမား ၅၂ ဦးမှာ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည်ဟု IPCM ဇန်နဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်သည်။
သတင်းသမားများသည် တည်ဆဲဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ပြည်သူတို့ သတင်းရယူသိရှိပိုင်ခွင့်ကို တရားဝင် လုပ်ဆောင်ပေးခြင်းသာဖြစ်သည်ဟု IPCM က ဆိုသည်။
လွတ်လပ်စွာ သတင်းရယူတင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေသည့် မည်သည့် တားဆီးနှောက်ယှက်မှု၊ ဖမ်းဆီးထောင်ချမှုများ အားလုံးကို IPCM က ပြင်းထန်စွာရှုံ့ချသည်ဟု ထုတ်ပြန်သည်။
ဖမ်းဆီးခံသတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေးနှင့် တရားဝင် မီဒီယာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိက ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဟု IPCM က ထုတ်ပြန်သည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar-IPCM) ကို ပြည်တွင်း/ပြည်ပရှိ လွတ်လပ်သည့် မြန်မာသတင်းမီဒီယာများ စုပေါင်း၍ ဒီဇင်ဘာ ၂၂ ရက်က ဖွဲ့စည်းခဲ့ကြသည်။