ချင်းပြည်နယ် ဖလမ်းမြို့နယ် စတောမ်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညနေပိုင်း ၅ နာရီလောက်မှာ ချင်းအမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက်တဖက် ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။
မြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်ဆုံးရုံးလိုက်သူမှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာတွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် Pi Laltanpuii ဖြစ်ပြီး ဖလမ်းမြို့နယ် Leilet ကျေးရွာက အမျိုးသားထံသွားရောက်စဉ် စတောမ်ကျေးရွာအနီးမှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဇိုခေါထာရ်ကျေးရွာ Mercy ဆေးခန်းက သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။
“သူမက ဇိုခေါထာရ်ကျေးရွာသူ သူ့အမျိုးသားက နေမကောင်းလို့ Leilet ရွာကသူ့မိဘအိမ်မှာသွားနေတာ သူ့အမျိုးသားကို သွားကြည့်ရင်းနဲ့လမ်းတဝက်မှာ မတော်တဆမိုင်းနင်းမိသွားတာ သူ့ရဲ့ညာဘက်ခြေထောက်ဆုံးရှုံးလိုက်ရတယ်” လို့ အထက်ပါသူနာပြုဆရာမ ပြောပါတယ်။
Pi laltanpuii ဟာ အမျိုးသားရဲ့ ညီဖြစ်သူနှင့်အတူ ဇိုခေါထာရ်ကျေးရွာကနေ Leilet ကျေးရွာကို ဆိုင်ကယ်နဲ့သွားပြီး စတောမ်ကျေးရွာအရောက် လမ်းဘေးတနေရာမှာ အပေါ့အပါးသွားတဲ့အချိန်မှာ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။
ယမန်နေ့ ည ၁၀ နာရီလောက်မှာ ဇိုခေါထာရ်ကျေးရွာ Mercy ဆေးခန်းသို့ရောက်ရှိလာကာ အရေးပေါ်ဆေးကုသမှုပြုလုပ်ခဲ့ပြီးနောက် ကျန်ဖိုင်မြို့ဆေးရုံးသို့ ဆက်လက်လွှဲပြောင်းပေးခဲ့တယ်လို့သိရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။
မြေမြုပ်မိုင်းနင်းမိတဲ့နေရာ စတောမ်ကျေးရွာဟာ အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာတည်ရှိပြီး မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာနဲ့ မိုင် ၂၀ လောက်ကွယ်ဝေးတယ်လို့ သိရပါတယ်။
မြေမြုပ်မိုင်းတွေကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့တွေက ထောင်ထားတယ်ဆိုတာကိုတော့ မသိရပါဘူး။
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ကုန်ကြောင်း လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်တာနဲ့အမျှ မြေမြုပ်မိုင်းအန္တရာယ်လည်း ပြည်သူတွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေပါတယ်။