(002MG)
ချင်းပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် လူနေအိမ် (၁,၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
မတ်လ ၂၁ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၁၊ ၂၊ ၃၊ ၄ တို့တွင်ရှိသော ကျေးရွာပေါင်း (၇၀) မှ စစ်ဘေးရှောင်စခန်းများအပါအ၀◌င် လူနေအိမ်များ အမိုးလန်၊ ပြိုကျ ပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ပြုပြင်ရေးအတွက် အကူညီများလိုအပ်နေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းမျာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်သူ ကိုလောရင့်က ပြောသည်။
“မုန်တိုင်းကြောင့် စစ်ဘေးရှောင်နေအိမ်များ ပျက်စီးဆုံးရူံးမှုများတယ်၊အမိုးလန်တာ များတယ် ၉၀ ရာခိုင်နှုန်း၊ အခုက မမျှော်လင့်ပဲရောက်လာတယ် ပျက်စီးဆုံးရူံးမှုကမိုခါထက် ပိုများတယ်၊ သို့သော်လည်း အခုထိ တဖွဲ့မှလည်း အကူအညီ တစ်စုံတရာရောက်ရှိလာတာမရှိသေးပါဘူး။ တချို့ဆိုရင် အိမ်တွေလေထဲပါသွားတယ်၊ အမိုးလန်တယ်ဆိုတော့ သူများ အိမ်မှာသွားနေကြရတယ်၊ သွပ်တွေ၊ သံတွေဝယ်ရမယ်၊ မှာလိုက်ရင်လည်း ချက်ခြင်းရောက်တာ မဟုတ်ဘူး၊ ဘေးနားမှာ လည်းအသင့်ဝယ်လို့မရဘူး ပြန်မှာနေကြတုန်း အခုက ငွေကြေးထောက်ပံ့မူ၊ ပစ္စည်းတွေလိုအပ်နေဆဲဖြစ်တယ်” ဟု ကိုလောရင့်ကပြောသည်။
မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၂) နှင့် အမှတ် (၄) တွင်ရှိသော စစ်ရှောင်နေအိမ်များပိုမိုပျက်စီးခဲ့ရပြီး လက်ရှိအထိ မင်းတပ်မြို့နယ်တစ်ခုလုံးတွင် နေအိမ်ပေါင်း (၅၀၃) အိမ် ပျက်စီးခဲ့ရကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းအရ သိရသည်။
အလားတူ ကန်ပက်လက်မြို့နယ်တွင်လည်း လေပြင်းမုန်တိုင်းကြောင့် ဘာသာရေးအဆောက်အအုံများ ၊ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများရှိခဲ့ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုသည်။
“တညထဲတိုက်တဲ့ထဲမှာ ဆုံးရှုံးမှုကတော်တော်ကို ကြီးတယ်၊ အိမ်ထောင်စု (၇၀၀) ကျော်ဖြစ်နေတယ်၊ မြို့နယ်ဘ တ်ဂျက်ကနေပြီး အရမ်းခက်ခဲတဲ့ လုံးလုံးပျက်စီးတဲ့ ပြန်ဆောက်ဖို့လိုတဲ့နေအိမ်တွေကို ပေးဖို့အစီစဉ်ရှိတယ်။ လူသား ချင်းစာနာရေးဌာနကိုတင်ထားတာရှိတယ်။ ကျန်တဲ့ဖွဲ့စည်း NGO တွေက နေပြီး မုန်တိုင်း အတွက် ကူညီပေးချင်တာတွေ ဆက်သွယ်လာတာမရှိသေးဘူး” ဟု ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တဦးက ပြောသည်။
ကန်ပက်လက်မြို့နယ်တွင် လေပြင်းမုန်တိုင်းကြောင့် နေအိမ်တစိတ်တပိုင်းပျက်စီးမှု နှင့် အားလုံးပျက်စီးမှု (၅၇၃) အိမ်၊ ဆေးခန်းအဆောက်အအုံ (၃) လုံး၊ ဘာသာရေးအဆောက်အအုံ (၂၅) လုံး၊စာသင်ကျောင်း (၂၂) ဆောင်၊ ဆရာနေအိမ် (၃၉) လုံး ၊ ခန်းမဆောင် (၂) ဆောင်အပါအဝင် ဉယျာဉ်ခြံတဲများ (၁၁၄) လုံး စုစုပေါင်း (၇၇၈) အိမ် ထိခိုက်ပျက်စီးခဲ့ရကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စာရင်းအရ သိရသည်။