(006SV)
မင်းတပ်မြိုနယ်နှင့် မတူပီမြို့နယ်ကြားက ကျေးရွာများတွင် နွားနောက်နှင့် ကျွဲနွားများတွင် ကူးဆက်မြန်ရောဂါ ၂မျိုးဖြစ်ပွားနေပြီး ယင်းရောဂါကာကွယ်ဆေးများကို မြို့နယ်ပအဖနှင့် ချိတ်ဆက်၍ ထိုးကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
“သူက မတူပီဘက်က ရွာတွေမှာ စဖြစ်တာပေါ့။ မင်းတပ်နဲ့ မတူပီ အစပ်နားက ကျေးရွာတွေက အခု ဖြစ်နေတာပေါ့။ တော်တော်လေ ဖြစ်နေတယ်။ ပျံ့နှံ့မှုနှုန်းကလည်း မြန်တာကိုး။ မကြာမှီမှာ အချိန်မှီကာကွယ်ဆေး မထိုးနိုင်ရင် မကြမီမှာ တစ်မြို့နယ်လုံးအပြင် နီးစပ်ရာ မြို့နယ်တွေကိုလည်း ကူးဆက်သွားနိုင်တယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ တာဝန်ရှိသူ ဒေါက်တာဟုန်းမနားက ပြောသည်။
မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၁၀၊ ၁၃ နှင့် ၁၄ တို့တွင် အဓိကအဖြစ်များနေပြီး တိုက်နယ် ၁၄ တွင် နွားနောက်ကောင်ရေ ရာနှင့်ချီ ကူးဆက်ခံနေရကာ နွားနောက် ၅ ကောင် သေဆုံးသွားသည်၊ လတ်တလောတွင် နွားနောက် အများစု မွေးမြူးကြသော တိုက်နယ်များတွင် Foot Mouth Disease (ခွာနာလျှာနာ) နှင့် Anthrax (ဒေါင့်သန်း) ရောဂါလက္ခဏာများ ဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဒေါက်တာ ဟုန်းမနားက ပြောသည်။
ထို့ကြောင့် နယ်ခြားမှ နွားနောက်များ၊ ကျွဲနွားများနှင့် ၎င်းတို့က ထွက်ရှိသော အသားနှင့် အခြားကိုယ်အင်္ဂါများကို မင်းတပ် မြို့နယ်အတွင်း သယ်ဆောင်လာခြင်းကို ခေတ္တရပ်နားထားရန် သတိပေးချက် ထုတ်ပြန်သည်။
နွားနောက်နှင့် ကျွဲနွားများတွင် ယင်းရောဂါများ ဖြစ်ပွားနေသည်ကို တွေ့ရှိပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူးရေးနှင့် ကုသရေးဌာနနှင့် ချိတ်ဆက်ပြီး ကာကွယ်ဆေးများ ထိုးကြရန်လည်း မင်းတပ်မှ တာဝန်ရှိသူက ပြောသည်။
“နွားနောက်က မိသားစု ဝမ်းစာအတွက်ကော၊ သားသမီးတွေအတွက်ကော နွားနောက်ကိုပဲ အဓိက ထားရတယ်။ ကြိုတင်ပြီးမှ ကာကွယ်ဆေးက မလုပ်ပေးနိုင်ရင်း အကြီအကျယ် ဆုံးရှုံးနိုင်တယ်။ ဒီလုပ်ငန်းတွေ လုပ်ဖို့ အလှူရှင်နဲ့ ပံ့ပိုးမယ့်အဖွဲ့တွေလည်း အများကြီး လိုအပ်နေတယ်။ ကျနော်တို့ ပအဖက တတ်နိုင်သလောက်ပဲ လုပ်နိုင်တယ်။ တစ်မြို့နယ်လုံးကို လွှမ်းခြုံဖို့က ဘတ်ဂျတ်အများကြီး လိုအပ်နေတယ်”ဟု မင်းတပ်မြို့(ပအဖ)၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ တာဝန်ရှိသူ ဒေါက်တာ ဟုန်းမနားက ပြောသည်။
ချင်းပြည်နယ်က မြို့နယ်များကို စစ်ကောင်စီက ဖြတ်လေးဖြတ် ပြုလုပ်ထားရာ မင်းတပ်မြို့နယ်မှ ပြည်သူများသည် ဝါဥ အပါအဝင် စိုက်ပျိုးရေးများမှာလည်း ဈေးမကောင်းသောကြောင့် နွားနောက်မွေးမြူးရေးကိုသာ အဓိက အားထားနေရသည်ဟု သိရသည်။
ယခုကဲ့သို့ အချိန်တွင် အဓိက မှီခိုရသော နွားနောက်၊ ကျွဲနွားများ ဆုံးရှုံးမှု မရှိအောင် မြန်နိုင်သမျှ မြန်မြန်၊ ကာကွယ်နိုင်မှ ခက်ခဲ နေသော ပြည်သူများ ကြီးကြီးမားမားဆုံးရှံးမှု နည်းမည်ဖြစ်ပြီး ယင်းကာကွယ်ရေးလုပ်ငန်းများအတွက် ပံ့ပိုးထောက်ပံ့မည့် အဖွဲ့အစည်းများ အရေးပေါ် လိုအပ်နေသည်ဟု မင်းတပ်ပအဖမှ တာဝန်ရှိသူက ပြောသည်။