အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများကို ပြည်နယ်အစိုးရက ယာယီခိုလုံခွင့်ကဒ် ထုတ်ပေးရန် သဘောတူထားသည်ဟု သိရသည်။
မြန်မာနိုင်ငံရေး၊ စစ်ရေးအခြေအနေကြောင့် မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအား မဏိပူရ်ပြည်နယ်အစိုးရက ဖမ်းဆီးထောင်ချမှုများလုပ်ဆောင်နေသည့်အပေါ် ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများက မြန်မာစစ်ဘေးရှောင်များအား ယာယီနေထိုင်ခွင့်ပြုရန် တင်ပြတောင်းဆိုမှုကို မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က သဘောတူခဲ့သည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသော Burma Refugee Committee Kabaw Valley အဖွဲ့နာယက ဦးထန်ဆေးက ပြောသည်။
“ကျနော်တို့ကော်မတီအနေနဲ့ပြည်နယ်ဝန်ကြီးကိုတွေ့ဆုံခွင့်ရခဲ့တယ် ပြည်နယ်ဝန်ကြီးချုပ်ကိုလိပ်မူပြီး စာတင်ပြခဲ့တယ် အဲဒီမှာအချက် ၄ ချက်ပါတယ် ကျနော်တို့ဒုက္ခသည်တွေဟာ တရားမဝင်ခိုးဝင်တဲ့သူတွေမဟုတ်ဘူး အာဏာသိမ်းတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေဖြစ်တယ် ဒါကြောင့်မို့လို့ စစ်ဘေးရှောင်ဒုက္ခသည်အဖြစ်သတ်မှတ်ပေးဖို့ ရန်အတွက်တင်ပြ မီဇိုရမ်ပြည်နယ်လိုပဲ ဒုက္ခသည်အသိမှတ်ပြုကဒ်ထုတ်ပေးဖို့ရန်အတွက်တင်ပြတယ်၊ ဖမ်းထားတဲ့စစ်ဘေးရှောင်တွေ ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဗမာပြည်ကိုပြန်မပို့ဖို့တင်ပြတယ် ကျနော်တို့တင်ပြပြီး တစ်ပတ်လောက်အကြာမှာ မိုးရေးမှာရှိတဲ့ အဖွဲ့အစည်း ၅ ဖွဲ့ကနေပြီးတော့မှ လက်မှတ်ထိုးပြီးတော့ထပ်ပြီးတင်ပြတယ်၊ ဒုက္ခသည်ယာယီခိုလုံခွင့်ကဒ်ထု တ်ပေးမယ်ဆိုတဲ့ဟာ ဝန်ကြီးချုပ်ရဲ့သဘောတူညီချက်အရဖြစ်လာတယ်လို့ကြားရတယ် သို့ပေမယ့် ဝန်ကြီးချုပ်ရဲ့လက်မှတ်နဲ့ တရားဝင်အမိန့်ထုတ်ပြန်တာမရှိသေးပါဘူး” ဟု ဦးထန်ဆေးက ပြောသည်။
မိုးရေးမြို့အခြေစိုက် အရပ်ဖက်အဖွဲ့စည်းများဖြစ်သော Hill Tribal Council ၊ Kuki Students’ Organi zation ၊ Kuki Women Union and Human right ၊ Model Youth Club နှင့် Kuki Khanglai Lawmpi စသည့် အဖွဲ့စည်းက မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူပြီး စာရေးသားပေးပို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
မဏိပူရ်ပြည်နယ်အစိုးရသည် မိုရေးမြို့နယ် လန်းချန်းကျေးရွာနင့် နီးယူဆလ်ဘုန်းကျေးရွာတွင် ခိုလှုံနေကြသော အသက် ၁၈ နှစ်အောက် ကလေးငယ် ၉ ဦးအပါအဝင် မြန်မာစစ်ဘေးရှောင်အယောက် ၈၀ ကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အင်ဖားအကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခဲ့သည်။
ထို့အပြင် ချူရချမ်ပူရ်ခရိုင် နယူးလန်ကားမြို့ Vaal ရပ်ကွက်တွင် ယက္ကန်းလုပ်ငန်းလုပ်ကိုင်ကြသော မြန်မာနိုင်ငံသား ၁၀ ဦးကို မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံနေရသော မြန်မာစစ်ဘေးရှောင်များ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်လျှက်ရှိသည်ဟုလည်းသိရသည်။