ချင်းပြည်နယ်၊ မတူပီမြို့က မြို့နယ်ပညာရေးမှုး ဦးတင်လွေးသည် အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေညက ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့သည်ဟု သိရသည်။
ဦးတင်လွေးသည် မတူပီမြို့တွင် မြို့နယ်ပညာရေးမှူးအဖြစ် ၂၀၁၉ ခုနှစ်ခန့်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း CDM ပြုလုပ်ခြင်းမရှိပဲ မြို့နယ်ပညာရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူဟု သိရသည်။
မြို့နယ်ပညာရေးမှူးရုံးကို မတူပီမြို့က ၎င်း၏နေအိမ်တွင် ဖွင့်လှစ်ထားပြီး အောက်တိုဘာလ ၁၆ ရက်ည ၈ နာရီကျော်ကျော်ခန့်က နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဦးတင်လွေးကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သွားသည်ဟု မသိရသေးပေ။
ဦးတင်လွေးသည် စိတ်သဘောထားကောင်းမွန်ပြီး စာအသင်ပြလည်းကောင်းသည့်အပြင် လူချစ်လူခင်ပေါများသည့် ကျောင်းဆရာတစ်ဦးဖြစ်ပြီး ယခုကဲ့သု့ိသေဆုံးမှုအပေါ် အလွန်စိတ်မကောင်းကြောင်း မတူပီမြို့က သူ့တပည့်ဖြစ်ခဲ့ဖူးသူတစ်ဦးက ပြောသည်။
“သူကတော့ တကယ့်ရိုးသားတဲ့သူ ကျနော်အလယ်တန်းဘဝတုန်းကလည်း စာသင်ပေးသေးတယ် ပြီးတော့ မူလတန်း ကလေးတွေကိုလည်းအကတွေသင်ပေးတယ် သူကိုယ်တိုင် သူက မြန်မာစာမေဂျာလေ ကျနော်တို့ကို မြန်မာစာပြတာ ပုံပြင်လိုနဲ့ဘာနဲ့ပြတော့ စာတောင်ကျက်စရာမလိုအောင်ကို အသင်ပြလည်းကောင်းတယ်၊ ခုလိုဖြစ်သွားတာ တကယ်စိတ်မကောင်းဘူး” ဟု ၎င်းကပြောသည်။
မြို့နယ်ပညာရေးမှုး ဦးတင်လွေးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့အတွင်း ကင်းလှည့်ကာ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးခြင်းနှင့် မြို့တွင်းလမ်းကြားများတွင် ကင်းချထားမှုများ ပြုလုပ်ကြသည်ဟု သိရသည်။