(006SV)
ချင်းပြည်နယ်၊ မရာဒေသ၊ MDF ထိန်းချုပ်နယ်မြေတွင် အာရက္ခတပ်တော် AA/ULA က စစ်ရေးသင်တန်းပေးသည့် အထူးအခြေ ခံစစ်သင်တန်းတွင် အမျိုးသမီးရဲဘော် ၂၀ ရာခိုင်နှုန်းပါဝင်ကြောင်း သတင်းရရှိသည်။
မေလ ၁၇ ရက်က မရာနယ်မြေ တစ်နေရာတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ (MDF) က အထူးအခြေခံ စစ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“မဟာမိတ်နယ်မြေမှာ MDF အနေနဲ့ သင်တန်းတွေ ယူတာက ဒုတိယအကြိမ် ရှိသွားပြီ။ အခုဟာက ကျနော်တို့ နယ်မြေမှာ လုပ်တဲ့ သင်တန်းဖြစ်တယ်။ အဲဒီမှာ မဟာမိတ်တွေက သင်တန်းမှူး တာဝန်ယူပေးရတယ်။ သင်တန်းဆရာတွေက ကျနော်တို့ သင်တန်းဆရာတွေ ပါတယ်။ မဟာမိတ်သင်တန်းဆရာတွေ ပါတယ်။ စုပေါင်းပြီးမှ ကျနော်တို့ နယ်မြေမှာ ကျနော်တို့ အစီအစဉ်နဲ့ လုပ်တာဖြစ်ပါတယ်” ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီမှ ပြန်ကြာရေးတာဝန်ခံက ပြောသည်။
အထူးအခြေခံ စစ်သင်တန်းအမှတ်စဉ် (၂) တွင် အာရက္ခတပ်တော် ULA/AA မှ သင်တန်းဆရာများက အဓိက တာဝန်ယူ၍ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းသူ/သား တစ်ရာကျော် တက်ရောက်သည်ကို သင်တန်းဆင်းပွဲ ဓါတ်ပုံများအရ တွေ့မြင်ရပြီး သင်တန်းသူ ၂၀ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။
“အမျိုးသမီးတွေကလည်း အမျိုးသားရေးနဲ့ ပတ်သက်လာရင် စိတ်ဓါတ်ပြင်းပျတယ်။ ကျနော်တို့မှာ အရင် ၂လက ကြုံတွေ့နေရ တာတွေကို သိပြီးသာဖြစ်မှာပါ။ ကျနော်တို့နယ်မြေမှာ ကျူးကျော်ခံရတယ်။ အဲလိုပုံစံတွေ အများကြီးဖြစ်လာတော့ အဲလိုအခြေအနေကြောင့် ငါတို့လည်း လုပ်နိုင်တယ်ဆိုတာ ယောကျာ်းလေးတွေလိုပဲ ပြချင်လို့ပဲဖြစ်ပါတယ်” ဟု ယင်းကောင်စီမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သင်တန်းဆင်းပွဲကိုလည်း မဟာမိတ် ULA/ AA မှ အရာရှိ၊ အရာခံများ၊ အကြပ်စစ်သည်များနှင့် အနောက်မရာမှ အထူးဖိတ်ကြားထားသူများ၊ တိုက်နယ်ကိုယ်စားလှယ်များ၊ ကောင်စီဝင်များနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော် AA/ULA သည် ၎င်း၏ ထိန်းချုပ်နယ်မြေတွင် ယခင်က MDF ကို စစ်ရေးသင်တန်း ၂ ကြိမ်ပေးခဲ့ဖူးကြောင်း သိရသည်။
သင်တန်းကာလတွင် လိုအပ်သော ငွေကြေးများကို ကူညီပံ့ပိုးပေးပါသော နိုင်ငံတကာရောက် မရာလူမျိုးများနှင့် အဘက်ဘက်က ပါဝင်အားဖြည့်ကူညီကြသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း MDF က ထုတ်ပြန်သည်။