(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မရာနယ်မြေအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့အချင်းချင်းကြား ထိတွေ့တိုက်ပွဲများ ကျယ်ပြန့် လာပြီး တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
မရာနယ်မြေအတွင်း ပထိန်တလန်ကျေးရွာနှင့် ပိုက်တေကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ချင်းအမျိုးသားတပ်မတော် CNA ၊ CDF – Mara ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MDF ၊ ကာကွယ်ရေးအတွင်းရေးမှူး ဓူဝံက ပြောသည်။
“ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တွေကလည်း အခုလိုမျိုး မရာအချင်းချင်းကြားက ပြသနာကို ဆက်လက်ပြီးမှ ပါဝင်နေမယ်၊ ဒီလိုမျိုး စစ်ရေးအရ ရန်စမှုတွေ ဆက်လုပ်နေမယ်ဆိုရင် တိုက်ပွဲကတော့ ပိုပြင်းထန်ဖို့ရှိတယ်။ ပိုရှည်ကြာဖို့ ရှိတယ်။ ဒီဟာကို ငြိမ်စေချင် တယ်ဆိုရင် နှစ်ဖက်ကောင်းကောင်းမွန်မွန် အဆင်ပြေစေချင်တယ်ဆိုရင် မရာမဟုတ်တဲ့ တပ်ပေါင်းစုပဲ ဖြစ်ဖြစ်၊ CNA ပဲ ဖြစ်ဖြစ် မရာနယ်မြေကနေ ဆုတ်ခွာပေးဖို့ကို ပြောချင်တယ်” ဟု MDF မှ ကိုဓူဝံက ပြောသည်။
တိုက်ပွဲတွင် CNA မှ ရဲဘော် (၁) ဦး ကျဆုံးပြီး CNA နှင့် CDF ချင်းပူးပေါင်းတပ်မှ ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ MDF ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။
ပိုက်တေကျေးရွာအနီးတွင် MDF တပ်ဖွဲ့က အထိုင်စခန်းတစ်ခု ချထားရာ CNA နှင့် CDF ချင်းပူးပေါင်းတပ်က စစ်ကြောင်းထိုးလာ မှုကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း MDF မှ ကိုဓူဝံက ပြောသည်။
သို့သော်လည်း CDF – Mara မှ တာဝန်ရှိသူ ဆလိုင်းဂျိမ်းက CNA နှင့် CDF ချင်းပူးပေါင်းတပ် စစ်ကြောင်းကို MDF တပ်ဖွဲ့က စောင့်ကြို၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zalen သတင်းဌာနကို ဖြေကြားထားသည်။
ဖေဖော်ဝါရီလဆန်းပိုင်းကလည်း CNA၊ CDF- Mara ၊CDF- Paletwa၊ CDF- Thanglang၊ CDF – Zophei၊ CDF- Lautu နှင့် CDF – Senthang စသည့် ချင်းပေါင်းတပ်ဖွဲ့က MDF တပ်ဖွဲ့၏ စခန်းတစ်ခုကို ဒရုန်းများ၊ လက်နက်ငယ်များ အသုံးပြု၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီလ ၂၄ ရက်တွင် လိုင်လင်းပီမြို့နှင့် ၉ မိုင်ရွာအကြားက CNF/CNA ၊ CDF- Mara တို့၏ အင်အား ၉ ဦး ရှိသည့် ကင်းစခန်း တစ်ခုကို Maraland Defense Force (MDF) က အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊ တိုက်ပွဲတွင် CNA မှ ရဲဘော် ၁ ဦး၊ CDF – Mara မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်။
CDF – Mara မှ ဗျူဟာမှူးနှင့် တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင် (၅) ဦးကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလထဲတွင် MDF/ MTC က ဖမ်းဆီးထားကြောင်း သိရသည်။
မရာဒေသက မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ MDF/ MTCကို CNA ဦးဆောင်သည့် ချင်းကာကွယ် ရေးတပ်ဖွဲ့များ ဆက်လက် ပူးပေါင်း တိုက်ခိုက်နေပါက MDF/ MTC ဘက်မှ ပူးပေါင်းတိုက်ခိုက်မည်ဟု ချင်းညီနောင်အဖွဲ့ကလည်း ယခင်ကထုတ်ပြန်ထားသည်။