(006SV)
မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ Cameron Highlands တွင် မြေပြိုမှုကြောင့် သေဆုံးသွားသည့် မင်းတပ်မြို့မှ သွားရောက်လုပ်ကိုင်နေသည့် ချင်းလူမျိုး (၅) ဦး၏ ရုပ်အလောင်းအားလုံးကို ယနေ့မှာ ပြန်လည်တူးဖော်ရရှိပြီးဖြစ်ကြောင်း The Highlands Chin Community ထံမှ သိရသည်။
ဇန်နဝါရီလ ၂၅ ရက် ည ၈ နာရီခန့်တွင် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့မှ အလုပ်သမားများ နေထိုင်သော ခြံအတွင်း မြေပြိုကျရာမှ သေဆုံးသူအားလုံးကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ပြန်လည်တူးဖော်နိုင်ခဲ့ကြောင်း HCC ထံမှ သိရသည်။
သေဆုံးသွားသူများမှာ တစ်မိသားစုထဲမှ ဦးရှိန်းလောဟာ၊ ဦးရှိန်းလောဟာ၏ သား ဦးလောဟာဖေ ၊ ဦးလောဟာဖေ၏ ဇနီး ဒေါ်အွမ်မြူး တို့အပြင် ကိုထန်းမောင်းနှင့် ကိုကီးရှိန်အွမ် တို့ဖြစ်ပါသည်။
ဇန်နဝါရီလ ၂၆ ရက်တွင် ရုပ်အလောင်း (၂) လောင်းကို တူးဖော်နိုင်ခဲ့ပြီး ယနေ့တွင် ကိုထန်းမောင်း၊ ဦးရှိန်လောဟာနှင့် ဒေါ်အွမ်မြူးတို့၏ ရုပ်အလောင်းများကို ပြန်လည်တူးဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူထဲမှ ဦးလောဟာဖေနှင့် ဒေါ်အွမ်မြူးတို့မှာ မလေးရှားနိုင်ငံတွင် ကျောင်းပညာသင်ယူနေသည့် ၈ နှစ်အရွယ်သမီးတစ်ဦးနှင့် ၅ နှစ်အရွယ် သမီးတစ်ဦးတို့ကျန်ရှိခဲ့သည်။