ချင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ပညာသင်ကြားသူ စစ်ဘေးရှောင်ကလေးငယ် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စကို အောက်တိုဘာ ၉ ရက်နေ့က သတင်းမီဒီယားများမှ မေးမြန်းချက်ကို မီဇိုရမ်ပြည်နယ် ပညာရေးဌာနဝန်ကြီး Pu Lalchhandama Ralte က ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။
“မီဇိုရမ်ပြည်နယ်မှာ ကျောင်းတက်တဲ့ စစ်ဘေးရှောင်ကလေးဦးရေမှာ အမြဲတမ်း အပြောင်းအလဲရှိနေသည့်အတွက် တိတိကျကျပြောဆိုလို့မရဘူးဖြစ်တယ်။ ခရိုင်းတိုင်းလိုလိုမှာ ကျောင်းတက်တဲ့ စစ်ဘေးရှောင်ကလေးငယ်တွေ ရှိတယ်။ Champhai, Hnahthial, Lawngtlai နှင့် Siaha ခရိုင်တို့မှာ အများဆုံးရှိကြတယ်။ တချို့နေရာဒေသတွေမှာဆိုရင် ကျောင်းခန်းနှင့် ခုံမလုံလောက်မှုတွေလည်းရှိတယ်။” လို့ ပြောသည်။
ဆက်လက်ပြီး Pu Lalchhandama Ralte က မီဇိုရမ်ရောက် စစ်ဘေးရှောင်ကလေး ကျောင်းတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုးရကိုလည်း တင်ပြထားပြီဖြစ်ကြောင်းနှင့် လိုအပ်တဲ့ငွေကြေးများကိုလည်း တောင်းဆိုထားပြီဖြစ်ကြောင်း ဗဟိုအစိုးရကလည်း ချပေးမယ်လို့မျော်လင့်ကြောင်း ပြောသည်။
မီဇိုရမ်တွင် ကျောင်းတက်ရောက်သည့် စစ်ဘေးရှောင်ကလေးများကို ကျောင်းအတွက်လိုအပ်သည့် ကျောင်းဝတ်စုံ၊ စာအုပ်၊ နေ့လည်စာများကိုလည်း မီဇိုရမ်အစိုးရက ပြင်ဆင်ပေးထားကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ရှိနေပြီး ကျောင်းနေအရွယ် ကလေး အယောက် ၂၀၀၀ ကျော်ရှိသည်။