အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော တော်လှန်ရေးမဟာမိတ်များစုပေါင်းကာ ပြည်တွင်းရှိ မြန်မာပြည်သူများနှင့်အတူ အားမလျှော့ဘဲ အဆုံးထိတိုက်ပွဲ ဝင်နေကြကြောင်းပြသသည့်အနေဖြင့် ၇၃ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
မီဇိုရမ်ပြည်နယ်ရောက် တော်လှန်ရေးမဟာမိတ်များစုပေါင်းပြီး ၇၃ ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်းနဲ့ ပက်သက်၍ လူ့အခွင့်အရေး တာဝန်ခံ မဝါဝါက ယခုလိုပြောသည်။
“ပုံမှန်ခါတိုင်းအချိန်တွေမှာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ပျှော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပခဲ့ကြတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ မြန်မာပြည်မှာရှိနေတဲ့ အကုန်လုံးက လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုး ဖောက်ခံနေကြရတာဖြစ်တယ်။ ကျမတို့ကလည်း ဒီအချိန်ဒီနေရာမှာ ကျမတို့ရဲ့တော်လှန်ရေး စိတ်ဓာတ်တွေကို သွေးသစ်လောင်းမဲ့အချိန်က အခုအနေနဲ့ ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ်။ ကျမတို့လူ့အခွင့်အရေးရရှိဖို့အတွက် ဆိတ်သုန်းသွားတဲ့ လူ့အခွင့်အရေးတွေကို ရရှိ အောင်လုပ်ကြ မယ်။ စစ်အာဏာရှင်ကို ဆက်ပြီးတော့ နိုင်တဲ့အထိ တွန်းလှန်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခမ်း အနားကို ကျင်းပရခြင်းဖြစ်တယ်” ဟု မဝါဝါက ပြောသည်။
အဆိုပါအခမ်းအနားတွင် ကလေးမြို့၊ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကလည်း အမှာစကားပြောကြား ခဲ့ရာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို တကမ္ဘာလုံးတွင် ကျင်းပကြသော်လည်း မိမိတို့နှင့် ကျင်းပသည့်ရည်ရွယ်ချက်ခြင်း မတူကြောင်း ယခုလိုပြောပါသည်။
“သူများနိုင်ငံမှာ လူ့အခွင့်အရေးတောင်းဆိုတဲ့ အနှစ်သာရက ပြည့်ဝပြီးသားကို ထပ်ပြီး တောင်းဆိုတာဖြစ်တယ်။ ကျမတို့ရဲ့ လူ့အခွင့်အရေးကကျတော့ ကျမတို့ ပိုင်ဆိုင်တဲ့အိမ်မှာ ကျမတို့ နေထိုင်ခွင့်ရဖို့အတွက် တောင်းဆိုနေတာဖြစ်တယ်။ ကျမတို့ ချက်ပြုတ်ထားတဲ့ ထမင်း၊ ဟင်းကို အေးအေးဆေးဆေး စားပွဲဝိုင်းမှာ စားနိုင်ဖို့ တောင်းဆိုတာဖြစ်တ ယ်။ ကျမတို့တောင်းဆိုနေတာက လူ့အခွင့်အရေးအဆင့်တောင်မဟုတ်သေးဘူး။ အခြေခံနိုင်ငံသား အခွင့်အရေးကို ရရှိဖို့ အခြေအနေကို တောင်းဆိုနေတာဖြစ်တယ်” ဟု ဒေါ်သန့်ဝေကျော်ကပြောသည်။
ဆက်လက်ပြီး ဒေါ်သန့်ဝေကျော်က “ နိုင်ငံရဲ့ ကယ်တင်ရှင်လို့ထင်နေကြတဲ့ စစ်အာဏာရှင်တွေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အုပ်ချုပ်လာခဲ့သလို ကျမတို့ကလည်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အုပ်ချုပ်ခံနေရတယ်။ ဒီတခါအပြီးမသတ်နိုင်ရင် ကျမတို့ရဲ့မျိုးဆက်ဘယ်နှစ်ဆက်အထိ ဆက်ပြီးသွား ရဦးမယ် မသိဘူး။ ဒါကြောင့် ဒီတခါတည်း ကျမတို့ရဲ့ တော်လှန်ရေးသည် နောက်ဆုံးဟာဘဲ ဖြစ်ပါ စေ” ဟုပြောသည်။
၇၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို လူ့အခွင့်အရေးဝန်ကြီးဌာန၊ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အထွေထွေသပိတ်ကော်မတီနှင့် ညီမျှခြင်းမြန်မာတို့က ပူးပေါင်းပြီး ပြည်တွင်းပြည်ပလှုပ်ရှားမှုများပါဆောင်ရွက်နိုင်ရန် စီစဉ်လျှက်ရှိသည်။