မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုဆက်လက်မြင့်တက်နေပြီး ယခုသြဂုတ်လဆန်းပိုင်းအတွင်း မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် ဒေသခံ ၃ ဦးထံမှ ဘိန်းဖြူ ၁၁၆၀ ဂရမ်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၄ ရက်နေ့က အိုင်ဇောလ်မြို့အထူးရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့ပူးပေါင်းပြီး ကြိုတင်သတင်းရရှိထားချက်အရ အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသား ချင်းပြည်နယ် Darkhai ရွာသစ်မှ အသက် ၄၂ နှစ်အရွယ် ဦးကပ်ဇတုန်ထံမှ ၄၂၈.ဝ၄ ဂရမ်အလေးချိန်ရှိသော ဘိန်းဖြူဖမ်းဆီးရမိခဲ့သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါဖမ်းဆီးရမိသည့် ဘိန်းဖြူမှာ နိုင်ငံတကာပေါက်ဈေးအရ ရူပီးငွေ သိန်း ၂၀ဝ ကျော်ခန့်ရှိသည်ဟု သိရသည်။
သြဂုတ်လ ၃ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်တောင်ပိုင်း Sangau ကျေးရွာတွင် ဒေသခံအမျိုးသားနှစ်ဦး K. Lallungkhama(60) နှင့် H. Zoenga (38) တို့ထံမှ ၁၇၂ ဂရမ်အလေးချိန်ရှိသော ဘိန်းဖြူကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိ ခဲ့ကြသည်။
အဆိုပါဘိန်းဖြူ၏ တန်းဖိုးမှာ နိုင်ငံတကာပေါက်ဈေးအရ ၈၆ သိန်းရှိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အလားတူ သြဂုတ်လ ၂ ရက်နေ့ကလည်း Serchhip ကျေးရွာတွင် ဒေသခံအမျိုးသမီး Lalduhawmi ထံမှ ၅၆၂ အလေးချိန်ရှိသော ဘိန်းဖြူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နိုင်ငံတကာပေါက်ဈေးအရ ရူပီးသိန်း ၂၀ဝ ကျော်ခန့်ရှိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါး (အထူးသဖြင့် ဘိန်းဖြူ) ဖမ်းဆီးမှု မကြာခဏရှိခဲ့သည်။
ဘိန်းဖြူအများစုသည် အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ယူဆရပြီး ဘိန်းဖြူဖမ်းဆီးမှုအများစုမှာ မြန်မာနိုင်ငံသားများပါဝင်လေ့ရှိကြသည်။
ထို့အကြောင့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံသားများအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ယူရောင်းချခြင်းမပြုရန် ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်ခဲ့သည်။
မီဇိုရမ်ပြည်ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၁ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် ဖမ်းဆီးခံရသူ ၂၀ဝ ဦးခန့်ရှိပြီး ဘိန်းဖြူ၊ စိတ်ကြွဆေးပြားနှင့် ဆေးခြောက် (ဂန်ဂျာ) ဖမ်းဆီးရမိသည့်ပမာဏမှာ ရူပီးငွေ သိန်ပေါင်း ၁၇၂၉၄ ရှိပြီဟု သိရသည်။