(002MG)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲဖြစ်လာနိုင်သည့်သတင်းကြောင့် တီးတိန်မြို့ခံပြည်သူ အများစုသည် မိမိပိုင်ဆိုင်ရာပစ္စည်းများကို ကျေးလက်ဒေသများသို့ ကြိုတင်ပြောင်းရွေ့မှုများ ပြုလုပ်နေကြသည်ဟု သိရသည်။
တီးတိန်မြို့ခံတဦးက “လူကတော့ ထွက်ပြေးတာမဟုတ်သေးဘူး၊ ပစ္စည်းသယ်ဖို့ခက်တဲ့ဟာတွေကို ရွှေ့တာတွေရှိတယ်။ တချို့က နီးစပ်ရာရွာတွေကို ရွှေ့ကြတယ်၊တချို့က ကလေးမြို့ဖက်ကို ရွှေ့တဲ့သူ တွေရှိတယ်၊ ပထမအခေါက်ကလည်း ဘာမှမသိပဲ၊မပြင်ဆင်ရဘဲ ဖြစ်လာတာဆိုတော့ အခု သူတို့ ပစ္စည်းရွှေ့တယ်ဆိုတာကလည်း ဖြစ်လာခဲ့တဲ့အရင်က ပစ္စည်းမရွှေ့အားမှာစိုးရိမ်စိတ်နဲ့ဆိုပြီးရွှေ့ကြတာ၊ အခုက တရားဝင်ထုတ်ပြန်တာမျိုးတော့ မဟုတ်ဘူး သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ လေးလံတဲ့ပစ္စည်းတွေကို စသယ်လို့ရပြီ လူကတော့ ထွက်ပြေးဖို့မလိုသေးဘူး ပုံစံမျိုး တင်တာမျိုး တွေရှိတော့။ အဲ့လိုဆိုတော့ လူတွေကတော့ ပစ္စည်းစပြီးတော့ ရွှေ့ကြတာပေါ့ မြို့နေလူထုကတော့ ရှောင်တာမျိုး မဟုတ်သေးပါဘူး” ဟုပြောသည်။
တီးတိန်မြို့ပေါ်က တပ်ကုန်း၊ ရဲစခန်း နှင့် နီးစပ်သည့် ရပ်ကွက်များနှင့် မြို့မရပ်ကွက်လမ်းမကြီး တလျှောက်တွင် နေထိုင် ကြသည့် ပြည်သူများသည် ကလေးမြို့အပါအဝင် မြို့နှင့်အလှမ်းဝေးသော ကျေးရွာတို့တွင် ပြောင်းရွှေ့နိုင်သော ပစ္စည်းများကို ပြောင်းရွှေ့ကြသည်ဟု ၎င်းကပြောသည်။
တီးတိန်မြို့က အမျိုးသမီးတဦးက “အခုတော်တော်များများက သူတို့ရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပို့တာများကြတယ်၊ ဈေးဆိုင်ကြီးတွေဆိုရင်လည်း သူတို့ပစ္စည်းတွေကို ပို့နေကြတာမြင်နေရပြီ ဒီနေ့ဆိုရင်လည်း သယ်နေကြတော့တာပဲ။ ကျမရဲ့ ပစ္စည်းအချို့လည်း ကြိုပြီးတော့ ကလေးဖက်ကို ပို့မလို့ စီစဉ်မှုတွေ လုပ်နေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလကုန်ပိုင်းက တီးတိန်မြို့ပေါ်တွင် ချင်းညီနောင်အဖွဲ့က စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက လူနေအိမ်များကို (၄) ကြိမ်မီးရှို့ခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် နေအိမ် (၇၀) ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။