ချင်းပြည်နယ််တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာသယ်ယူသည့်လမ်းကြောင်းကို အာဏာသိမ်းစစ်ကောင်စီက တင်းကြပ်ကာ စစ်ဆေးဖမ်းဆီးမှုများရှိနေသည့် အတွက် ဆေးဝါးနှင့် ရိက္ခာများပြတ်လပ်မည့်အခြေအနေကြုံနေရသည်ဟု သိရသည်။
“ရိက္ခာအပိုင်းက အားနည်းနေပြီ၊ ဘာလို့လဲဆိုရင် ထောက်ပို့လမ်းကြောင်းမှာ စစ်ဖြစ်တာကတပိုင်း၊ နောက် အဓိက ရိက္ခာသယ်ယူတဲ့လမ်းကြောင်း ပခုက္ကူ-ပေါက်ကြားက လမ်းကြောင်းမှာ အဖမ်းဆီးတွေ အရမ်းများနေတယ်၊ ဒါကြောင့် ရိက္ခာတွေ တော်တော်လေးကို နည်းသွားပြီး၊ နောက်တခုက ဆေးဝါးလိုအပ်ချက်ပေါ့၊ ဆေးဝါးသယ်လာတဲ့သူတွေရှိရင် တန်းဖမ်းတယ်၊ ဆေးဝါးက နဂိုကတည်းက နည်းနေတဲ့ကြားထဲမှာ အခု အရမ်းနည်းလာတာပေါ့၊ အဓိက ဆေးဝါးနဲ့ရိက္ခာ လိုအပ်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီဝင်တစ်ဦးက ပြောသည်။
မင်းတပ်မြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီနှင့် CDF-Mindat တို့အကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားသည့် အနီးအနားတွင်ရှိသော ပြည်သူများသည် ထပ်မံစစ်ဘေးရှောင်နေကြရပြီး လက်ရှိ မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်လူဦးရေ တစ်သောင်းနှင့် တစ်သောင်းခွဲဝန်းကျင်ခန့်ရှိပြီး ကျေးရွာပေါင်း ၈၀ ခန့်တို့တွင် စစ်ဘေးရှောင်နေကြရသည်ဟု ၎င်းကပြောသည်။
“ကျွန်တော်ဆီက စာရင်းပေါက်တာက ငါးထောင်ကျော်တယ်၊ ကျေးရွာလူထုတွေနဲ့ပေါင်းရင် လူဦးရေ ၁ သောင်းနဲ့ ၁သောင်းခွဲကြားထဲမှာရှိတယ်၊ ဒါက ကျွန်တော်တို့ဆီကနေ ရိက္ခာတွေဖြန့်ပေးနေတဲ့ လူထုပမာဏပါ၊ ကျွန်တော်တို့မှာ Camp တွေ သီးသန့်တနေရာထဲမှာ စုနေတဲ့အနေအထားမျိုးမှာ မရှိဘူး၊ လူနေအိမ်တွေမှာ ဖြန့်ပြီး နေကြတယ်၊ တောင်ယာတဲတွေထဲမှာ လိုက်နေကြတယ်၊ တချို့ကြတော့လဲ တိုက်ပွဲဖြစ်တဲ့အနေအထားမှာဆိုရင်တော့ တောထဲမှာသွားပြီးတော့ မိုးကာတွေထိုးပြီးမှ နေကြတယ်။ ရွာပေါင်း ၈၀ ကျော်လောက်မှာ စစ်ဘေးရှောင်ကြရတယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီဝင်တစ်ဦးက ပြောသည်။
မင်းတပ်မြို့နယ် မကွေးတိုင်းနယ်စပ် စံကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၀၀ ဝန်းကျင်ရှိပြီး ၎င်း Camp တွင် ကိုဗစ်သံသယလူနာများရှိသည့်အပြင် ကျေးရွာထဲတွင်လည်း ကိုဗစ်သံသယလူနာတစ်ဦး သေဆုံးသည်ဟုလည်း သိရသည်။
မင်းတပ်မြို့နယ်တွင်ရှိသော စစ်ဘေးရှောင်ပြည်သူများအတွက် ဇူလိုင်လ ၁၉ ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ပေးပို့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုကြောင့် မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း (၅) ခုက အိမ်ထောင်စု ၆၆ စု လူဦးရေ ၅၀၀ ကျော်ကျော်ခန့်ကသာ ရရှိခဲ့ကြပြီး စစ်ဘေးရှောင်အများစု ခိုလှုံကြသော ကျေးရွာဘက်နှင့် တောထဲရှိ စစ်ဘေးရှောင်စခန်းများက UNHCR ၏ ထောက်ပံ့ပစ္စည်းများကို ရရှိနိုင်ခြင်းမရှိကြပေ။