အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့အမှတ် ၂ ရပ်ကွက် တောင်ကုန်းတွင် စခန်းချတပ်စွဲ ထားသော စစ်ကောင်စီတပ်သားများ ယနေ့မနက်ပိုင်းက မြို့ထဲသို့ဆင်းလာသည့်အချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (MEDF) မှ မိုင်းဖြင့်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုရှိနိုင်သည်ဟုသိရသည်။
ယနေ့မနက်ပိုင်း ၈ နာရီကျော်ကျော်ခန့်က မြို့ထဲဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ခါတိုင်းဆို စစ်ကောင်စီတပ်တွေ ၁၀ ယောက်လောက် မနက်တိုင်း မြို့ထဲဆင်းလေ့ရှိတယ်၊ သူတို့က ဘာမှတော့မလုပ်ဘူး ဈေးဝယ်တယ်ပြီးတော့ မေးမြန်တာတွေလဲရှိတယ်၊ ဒီမနက်ဆိုရင် ကျွန်တော်တို့ လည်းသူတို့မဆင်းလာခင်ဆိုပြီး စောစော ဈေးဝယ်တာ မိုင်းဆွဲသံကြားရတယ် ပြီးတော့ လက်နက်ကြီးသံ နဲ့ သေနတ်သံကြားရတယ်” ဟု အမည်မဖော်လိုသူ ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအချက်အချာကျသော ရိခေါဒါရ်မြို့ တောင်ကုန်း ၂ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့သည် တပ်စွဲထားသည်။